ရေကြီးနစ်မြုပ်မှု ကြုံတွေ့နေရတဲ့ ရခိုင်မှာ ခြင်တွေ ပေါများလာလို့ သွေးလွန်တုတ်ကွေးဖြစ်ပွားမှု မြင့်တက်မှာကို စိုးရိမ်နေရ
ရခိုင်ပြည်အတွင်းမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေနစ်မြုပ်မှုဘေးဒဏ် ခံခဲ့ရတဲ့ မြို့နယ်တွေမှာ နောက်ဆက်တွဲ သွေးလွန်တုတ်ကွေးရောဂါ ဖြစ်ပွားမှု မြင့်တက်လာမှာကို ဒေသခံပြည်သူတွေ စိုးရိမ်ပူပန်နေကြပါတယ်။
လက်ရှိအချိန်မှာ ပြီးခဲ့တဲ့ ဇူလိုင်လ လဆန်းပိုင်းကတည်းက မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းခဲ့ခြင်းကြောင့် မြို့နယ် ၈ ခုထက်မနည်းက ကျေးရွာပေါင်း ၁၀၀ ကျော်ဟာ ရေနစ်မြုပ်ခဲ့ရပြီး၊ ဒေသခံပြည်သူ သောင်းနဲ့ချီ ကာ ရေဘေးသင့်မှုဘေးအန္တရာယ်နဲ့ ကြုံတွေ့နေကြရတာ ဖြစ်ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဇူလိုင်လ လဆန်းပိုင်းကတည်းက ရခိုင်ပြည်အတွင်းရှိ မြေပုံမြို့နယ်၊ ဖုံသာချောင်းဒေသနဲ့ မြောက်ဦးမြို့နယ်၊ ဝေသာလီကျေးရွာတွေမှာ သွေးလွန်တုတ်ကွေးရောဂါနဲ့ ငှက်ဖျားရောဂါ ဖြစ်ပွားမှုတွေကြောင့် သေဆုံးသူ ၇ ဦးထက်မနည်း ရှိခဲ့တယ်လို့ သိရပါတယ်။
ဒါကြောင့်မို့လို့ ရခိုင်ပြည်အတွင်းက ရေနစ်မြုပ်ခဲ့ရတဲ့ ဒေသအချို့က ပြည်သူတွေဟာ ရေကြီးရေလျှံမှုတွေနဲ့အတူ နောက်ဆက်တွဲ သွေးလွန်တုတ်ကွေးရောဂါ အဖြစ်များလာမှာကို အထူးစိုးရိမ်နေကြတာပါ။
“မိုးကြီးလို့ ရေမြုပ်လာတဲ့နောက်ပိုင်း ခြင်တွေက ဘယ်ကနေ ရောက်လာမှန်းမသိဘူး။ ပုံမှန် တစ်ကောင်စ နှစ်ကောင်စ မဟုတ်ဘဲ အများကြီးကို ပေါ်လာတာ ဖြစ်ပါတယ်။ မြောက်ဦးဘက်မှာလည်း သွေးလွန်တုတ်ကွေးရောဂါတွေ ရွာလုံးကျွတ် ဖြစ်ပွားနေတယ်လို့ ကြားသိရတယ်။ ဒီဘက်မှာလည်း အဲဒီလိုမျိုး ဖြစ်လာမှာကို အလွန်စိုးရိမ်နေမိပါတယ်” လို့ မင်းပြားမြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
မြောက်ဦးမြို့နယ်၊ ဝေသာလီကျေးရွာမှာ ပြီးခဲ့တဲ့ ဇွန်လပိုင်းကတည်းက သွေးလွန်တုတ်ကွေးနဲ့ ငှက်ဖျားရောဂါတွေ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး၊ လက်ရှိအချိန်မှာ ရောဂါကူးစက်ခံရလို့ ခုခံအားနည်းနေတဲ့ နို့တိုက်မိခင် ၂ ဦးအထိ သေဆုံးခဲ့ရတယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပြပါတယ်။
“သွေးလွန်တုတ်ကွေးနဲ့ ငှက်ဖျားဖြစ်တာတော့ ပြီးခဲ့တဲ့လကတည်းက စတင်ဖြစ်ပွားကြတာပါ။ အခုလ လဆန်းပိုင်းကနေစလို့ သိသိသာသာ အဖြစ်များလာကြပါတယ်။ အစပိုင်းက ရွာမြောက်ဘက်ပိုင်းကနေ စတင်ဖြစ်ပွားရာကနေ အခုဆိုရင် တစ်ရွာလုံးနီးပါး ဖြစ်နေကြတာပါ။ တစ်အိမ်မှာ ၄ ယောက်ကနေ ၅ ယောက်အထိ ကူးစက်ခံနေရတယ်။ ရွာမှာဆိုရင် အိမ်ထဲက အိမ်ပြင်ကို မထွက်ရဲကြတော့ပါဘူး။ မနေ့ကတော့ ကျန်းမာရေးဌာနက လာရောက်ပြီးတော့ ခြင်ဆေးဖြန်းတာတွေ လုပ်ဆောင်ပေးခဲ့ပါတယ်” လို့ အဆိုပါ ဒေသခံအမျိုးသမီး က ဆက်လက်ပြောပါတယ်။
ရခိုင်ပြည်အတွင်းမှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်တုန်းကလည်း သွေးလွန်တုတ်ကွေးရောဂါ ဖြစ်ပွားသူ ၂,၄၅၂ ဦးအထိ ရှိခဲ့ပြီး၊ အဆိုပါ ဖြစ်ပွားသူတွေထဲက ၈ ဦးအထိ သေဆုံးခဲ့ရတယ်လို့ အာရက္ခပြည်သူ့အစိုးရ ကျန်းမာရေးဌာနရဲ့ ထုတ်ပြန်ချက်မှတ်တမ်းတွေအရ သိရပါတယ်။
ဓာတ်ပုံ – CJ
CJ 008
