သံဖြူဇရပ်မှာ မိုးကြီးပြီး လေပြင်းတိုက်ခတ်မှုကြောင့် သာသနာ့အဆောက်အဦးအပါဝင် စာသင်ကျောင်းနဲ့ နေအိမ် ၅၀ ခန့် ပျက်စီး  


မွန်ပြည် သံဖြူဇရပ်မြို့နယ်မှာ မိုးသက်လေပြင်း ပြင်းထန်စွာ တိုက်ခတ်ခဲ့မှုကြောင့် ပြည်သူတွေရဲ့ နေအိမ် ၅၀ လုံးခန့်နဲ့ ကျိုက်ရာမညဇိနထိုင်တော်မူ ဘုရားကြီးရဲ့ အမိုးတွေ ပြိုကျပျက်စီးခဲ့ရတဲ့အပြင် သစ်ပင်လဲကျပြီး လမ်းပိတ်ဆို့မှုတွေလည်း ဖြစ်ပွားခဲ့တယ်လို့ ဒေသခံပြည်သူတွေနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေဆီကနေ သိရပါတယ်။

 

မနေ့ ဇူလိုင် ၁၀ ရက် ည ၆ နာရီ ၄၀ မိနစ်ဝန်းကျင်အချိန်က သံဖြူဇရပ်မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး မိုးသက်လေပြင်းတွေ ပြင်းထန်စွာ ကျရောက်တိုက်ခတ်ခဲ့တာ ဖြစ်ပါတယ်။ 

 

အဆိုပါ ဖြစ်စဉ်ကြောင့် သံဖြူဇရပ်မြို့၊ အောင်ဇေယျရပ်ကွက်မှာ သစ်ပင်သစ်ကိုင်းတွေ ကျိုးပျက်လဲကျခဲ့ပြီး နေအိမ် ၅၀ ခန့် အမိုးလန်ပျက်စီးခဲ့သလို၊ အ.လ.က (အောင်ဇေယျ) စာသင်ကျောင်းက ဆရာ၊ ဆရာမများနားနေခန်း သွပ်အမိုးတွေလည်း ပျက်စီးဆုံးရှုံးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

 

ဒါ့အပြင် အောင်ကုသိုလ်ရပ်ကွက်အတွင်းရှိ နေအိမ် ၂ လုံးခန့် အမိုးလန်ပျက်စီးခဲ့သလို၊ ကျိုက်ရာမညဇိနထိုင်တော်မူ ဘုရားကြီးရဲ့ အမြင့်ပေ ၁၀၀၊ အလျားနဲ့ အနံ ပေ ၂၀၀ ပတ်လည်ရှိ ကွန်ကရစ်တိုင် ၆၀ ခန့်နဲ့ ၁၂ ပေသွပ်အချပ်ရေ ၂,၀၀၀ ခန့် တပ်ဆင်ထားတဲ့ အမိုးတစ်ခုလုံးလည်း ပြိုကျပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

 

အဆိုပါ မိုးသက်လေပြင်းတိုက်ခတ်မှု ဖြစ်စဉ်ကြောင့် လူနဲ့ တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့သော်လည်း၊ အောင်ဇေယျရပ်ကွက်အတွင်းရှိ မြို့နယ်မြေစာရင်းရုံးရှေ့က ကုက္ကိုလ်ပင်ကြီးမှာ ရေး – သံဖြူဇရပ် လမ်းမကြီးပေါ်သို့ လဲကျခဲ့တာကြောင့် လမ်းပိတ်ဆို့မှုတွေ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ 

 

လက်ရှိအချိန်မှာ လမ်းရှင်းလင်းရေးလုပ်ငန်းတွေနဲ့ အောင်ကုသိုလ်ဘုရားဝင်းအတွင်း ရှင်းလင်းရေးလုပ်ငန်းတွေကို ဒေသခံကယ်ဆယ်ရေးအဖွဲ့တွေ၊ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ရပ်ကျေးအဖွဲ့အစည်းဝင်တွေက ပူးပေါင်းကာ ဝိုင်းဝန်းကူညီ ရှင်းလင်းပေးလျက်ရှိကြောင်း သိရပါတယ်။

 

ဓာတ်ပုံ – ဘိုဘို၀င်း Rescue အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့

 

 

Related News

Depend on news