ချမ်းအေးသာစံမှာ ရဲအရာရှိနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေရဲ့ ပစ္စည်းတွေပါ အခိုးခံနေရ

Author CJ Platform
Categories
Published on Jul 10, 2026

မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်အတွင်းမှာ ခိုးမှုတွေ ဆက်တိုက်ဖြစ်ပွားနေပြီး ရဲအရာရှိနဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေရဲ့ ဆိုင်ကယ်၊ စက်ဘီးတွေပါမကျန် ဆက်တိုက်ခိုးယူခံနေရတယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။

 

မနေ့ ဇူလိုင် ၉ ရက် ည ၇ နာရီခွဲဝန်းကျင်အချိန်က ချမ်းအေးသာစံမြို့နယ်၊ ရန်မျိုးလုံရပ်ကွက်မှာ စည်ပင်ဝန်ထမ်းတစ်ဦးရဲ့ ဆိုင်ကယ်နဲ့ လက်ကိုင်ဖုန်းတစ်လုံး အခိုးခံခဲ့ရတယ်လို့ ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“မနေ့က စည်ပင်ဝန်ထမ်းကောင်လေးတစ်ဦး ဆိုင်ကယ်ရပ်ပြီး ကွမ်းဝင်ဝယ်တာပါ။ ပြန်ထွက်လာတဲ့အချိန်မှာ ဆိုင်ကယ်မရှိတော့ပါဘူး။ သူခိုးတွေက လက်သွက်ပြီး အရမ်းမြန်ဆန်လွန်းတယ်” လို့ သူက ပြောပြပါတယ်။

 

အလားတူ ပြီးခဲ့တဲ့ ဇူလိုင် ၈ ရက် နံနက် ၈ နာရီဝန်းကျင်အချိန်ကလည်း ချမ်းအေးသာစံမြို့နယ်၊ လမ်း ၃၀ (၆၄ လမ်းနဲ့ ၆၅ လမ်းကြား) မှာ စစ်အုပ်စုလက်အောက်ခံ ရဲအုပ်တစ်ဦးရဲ့ စက်ဘီး ပျောက်ဆုံးသွားခဲ့တဲ့ ဖြစ်စဉ်ရှိခဲ့တယ်လို့ ဝန်ထမ်းတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“စက်ဘီးရပ်ထားခဲ့ပြီး အိမ်ပေါ်ကို ထမင်းချိုင့်တက်ယူတာပါ။ ပြန်ဆင်းလာတဲ့အချိန်မှာ စက်ဘီးမရှိတော့ပါဘူး။ အဲဒီလောက်အထိ သူခိုးပေါများနေတာ ဖြစ်ပါတယ်။ အခိုးခံရတဲ့ ရဲအုပ်ရဲ့စက်ဘီးက သိန်းလေးဆယ်ကျော်တန်ဖိုးရှိတဲ့ စက်ဘီးဆိုတော့ သူလည်း ဒေါသထွက်နေတယ်” လို့ ဆိုပါတယ်။

 

ထို့ပြင် ချမ်းအေးသာစံမြို့နယ်အတွင်းရှိ ဆင်ခြေဖုန်းရပ်ကွက်တွေမှာ ညဉ့်နက်ပိုင်းအချိန်တွေ၌ လက်ကိုင်ဖုန်းတွေကို လိုက်လံခိုးယူနေတဲ့ အဖွဲ့တွေ ရှိနေတယ်လို့ မြို့ခံတစ်ဦးက CJ Platform ကို ဆက်လက်ပြောပါတယ်။

 

“ဖုန်းခိုးတဲ့အဖွဲ့တွေလည်း ရှိပါတယ်။ သူတို့က ညပိုင်းမှာ အုပ်စုဖွဲ့ပြီး လိုက်လံခိုးယူကြတာပါ။ ဖုန်းလုယက်တဲ့ အဖွဲ့တွေလည်း ရှိနေပြီး၊ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းကဆိုရင် ဒုရဲအုပ်တစ်ဦးတောင် ဖုန်းရိုက်လုခံခဲ့ရပါသေးတယ်။ အဆိုပါ အမှုတွေလည်း အခုအချိန်ထိ ဖမ်းဆီးရမိခြင်း မရှိသေးပါဘူး” လို့ ပြောဆိုပါတယ်။

 

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ်ကနေ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်အတွင်း ကာလအထိ ချမ်းအေးသာစံမြို့နယ်အတွင်းမှာ ဓားပြတိုက်မှု၊ လုယက်မှုတွေနဲ့ ခိုးမှုမြောက်မြားစွာ ဖြစ်ပွားခဲ့ကြောင်း ဒေသတွင်း မှုခင်းစောင့်ကြည့်ရေး မှတ်တမ်းတွေအရ သိရပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်