ရခိုင်မှာ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြို့နယ် ၈ ခု ထက်မနည်း ရေနစ်မြုပ်နေပြီး လူထောင်ချီ ရေဘေးသင့်

Author CJ Platform
Categories
Published on Jul 10, 2026

ရခိုင်ပြည်အတွင်းမှာ ပြီးခဲ့တဲ့ ဇူလိုင်လ လဆန်းပိုင်းကတည်းက မိုးအဆက်မပြတ် သည်းထန်စွာ ရွာသွန်းခဲ့တဲ့အတွက်ကြောင့် မြို့နယ် ၈ ခုထက်မနည်းမှာ ရေနစ်မြုပ်မှုဘေးအန္တရာယ်တွေ ကြုံတွေ့နေရပြီး လူဦးရေ ထောင်ချီကာ ရေဘေးသင့်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

လက်ရှိအချိန်မှာ ရခိုင်ပြည်အတွင်းရှိ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ တောင်ကုတ် နဲ့ ချင်းပြည်အတွင်းရှိ ပလက်ဝ မြို့နယ်တွေက မြို့ပေါ်ရပ်ကွက်နဲ့ ကျေးရွာပေါင်း ၇၀ ထက်မနည်းမှာ ရေနစ်မြုပ်နေပြီဖြစ်ကြောင်း မနေ့ ဇူလိုင်လ ၉ ရက် နေ့စွဲနဲ့ လူသားချင်းစာနာထောက်ထားမှုနှင့် ဖွံ့ဖြိုးရေးပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) က ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

 

“ကျမတို့ဘက်မှာ ရေပြင်က ၄ ပေအကျော်အထိ မြင့်တက်နေပါပြီ။ သွားရေးလာရေးက လုံးဝအဆင်မပြေပါဘူး။ နေအိမ်တွေဆိုရင်လည်း ရေနစ်မြုပ်နေတဲ့အတွက်ကြောင့် အပေါ်ထပ်မှာပဲ နေထိုင်ကြရပါတယ်။ အလုပ်အကိုင်တွေလည်း အကုန်ရပ်နားထားရပါတယ်။ မြစ်ရေကလည်း အရမ်းအေးတဲ့အတွက် ဒီအတိုင်းသာ ဆက်ဖြစ်နေမယ်ဆိုရင် နေမကောင်းဖြစ်လာမှာကိုလည်း စိုးရိမ်မိပါတယ်” လို့ အသက် ၂၃ နှစ်အရွယ် မင်းပြားဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

 

ဒါ့အပြင် မင်းပြားမြို့၊ ဦးစိုးတင့်ရပ်ကွက်မှာ လေးမြို့မြစ်ရေ တိုက်စားမှုကြောင့် ပြီးခဲ့တဲ့ရက်ပိုင်းက လူနေအိမ်တစ်လုံး မြစ်အတွင်းသို့ မျောပါပျက်စီးခဲ့ရပြီး၊ လက်ရှိအချိန်မှာ အဆိုပါ ရပ်ကွက်က ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာနေရာတွေဆီသို့ အရေးပေါ် ပြောင်းရွှေ့နေထိုင်နေကြရတာ ဖြစ်ပါတယ်။

 

အလားတူ မြောက်ဦးမြို့နယ်အတွင်းက ဂါရာတောင် စစ်ဘေးရှောင်စခန်းမှာဆိုရင်လည်း စခန်းတစ်ခုလုံး ရေနစ်မြုပ်ခဲ့ရလို့ လက်ရှိမှာ ယာယီနေထိုင်ရာ နေရာတွေဆီသို့ ပြောင်းရွှေ့ပေးထားရတယ်လို့ စစ်ဘေးရှောင် ဒေါ်သန်းသန်း က ပြောပါတယ်။

 

“ပြီးခဲ့တဲ့ ဇူလိုင်လ ၄ ရက်နေ့ကတည်းက ရေတွေတက်နေတာပါ။ အခုဆိုရင် ရေပြင်က ၆ ပေအထိ ရောက်ရှိနေပါပြီ။ လက်ရှိမှာတော့ ဘုန်းတော်ကြီးကျောင်းနဲ့ စာသင်ကျောင်းတွေမှာ ယာယီသွားရောက်ခိုလှုံနေကြရပါတယ်” လို့ သူက ပြောပြပါတယ်။ 

 

လက်ရှိအချိန်မှာ ကျောက်တော် – မင်းပြား ကားလမ်းမ နေရာအချို့မှာ ရေနစ်မြုပ်မှုတွေ ဖြစ်ပွားနေတဲ့အတွက်ကြောင့် ဒေသခံပြည်သူတွေအနေနဲ့ သယ်ယူပို့ဆောင်ရေးနဲ့ သွားလာရေး အခက်အခဲတွေကို ကြီးမားစွာ ကြုံတွေ့နေကြရတာပါ။

 

ပြီးခဲ့တဲ့ ဇူလိုင်လ ၅ ရက်နေ့ကလည်း ရခိုင်ပြည်အတွင်းရှိ ကျောက်ဖြူ၊ ရမ်းဗြဲ၊ တောင်ကုတ်၊ သံတွဲ နဲ့ ဂွမြို့နယ်တွေမှာ လေဆင်နှာမောင်း တိုက်ခတ်ခဲ့မှုကြောင့် ပြည်သူတွေရဲ့ နေအိမ် ၂၄၀ လုံး အပါအဝင် အခြားသော အဆောက်အအုံတွေလည်း ထိခိုက်ပျက်စီးခဲ့ရကြောင်း ဒေသတွင်း သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။

 

ဓာတ်ပုံ – CJ

CJ 009

 

Related News

Depend on news