ရန်ကုန်တိုင်းအတွင်း ခါးပိုက်နှိုက်မှု ကျူးလွန်သူ ၉၉ ဦးကို ထပ်မံဖမ်းမိ

Author CJ Platform
Categories
Published on Jul 09, 2026

ရန်ကုန်တိုင်းအတွင်း ပြီးခဲ့တဲ့ မေလ ၂၃ ရက်နေ့ကနေ ဇူလိုင်လ ၈ ရက်နေ့အထိ ကာလအတွင်း ခါးပိုက်နှိုက်မှု ကျူးလွန်သူ ၉၉ ဦးကို ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ စစ်အုပ်စုခန့် ရဲတပ်ဖွဲ့က ထုတ်ပြန်လာပါတယ်။

 

ထုတ်ပြန်ချက်အရ ပြစ်မှုကျူးလွန်သူတွေဟာ YBS လူထုအခြေပြု မော်တော်ယာဉ်လိုင်းတွေ၊ ဘတ်စ်ကားမှတ်တိုင်တွေနဲ့ အများပြည်သူ သွားလာလှုပ်ရှားရာ လမ်းပေါ်တွေမှာ အုပ်စုဖွဲ့ပြီး ခါးပိုက်နှိုက်မှုတွေ ကျူးလွန်နေကြတာ ဖြစ်ပါတယ်။ အဆိုပါ ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး အမျိုးသားနဲ့ အမျိုးသမီး စုစုပေါင်း ၉၉ ဦးကို ဖမ်းဆီးရမိခဲ့ကာ လက်ရှိမှာ အမှုပေါင်း ၁၁၇ မှုနဲ့ အမှုဖွင့်လှစ် အရေးယူထားတယ်လို့ သိရပါတယ်။

 

အခုလိုမျိုး ဖမ်းဆီးအရေးယူမှုတွေ ပြုလုပ်နေတယ်လို့ ဆိုသော်လည်း မြေပြင် YBS ဘတ်စ်ကားတွေပေါ်နဲ့ ကားမှတ်တိုင်တွေမှာ အုပ်စုဖွဲ့ လုယက်ခိုးယူမှုတွေဟာ နေ့စဉ်ရက်ဆက် ရှိနေဆဲဖြစ်တယ်လို့ ရန်ကုန်မြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“လှည်းတန်းနဲ့ မြေနီကုန်းလို လူစည်ကားတဲ့ နေရာတွေမှာဆိုရင် ကားမှတ်တိုင်မှာ ကားပေါ်ကို အုပ်စုလိုက် တက်ချင်ဟန်ဆောင်ပြီး တိုးဝှေ့ကာ ဖုန်းနှိုက်ကြတာ ဖြစ်ပါတယ်။ တစ်ခါတလေ မိတဲ့အခါတွေ ရှိပေမဲ့လည်း မိသွားတဲ့ ခါးပိုက်နှိုက်တွေဟာ ရဲစခန်းရောက်ပြီး တစ်လတောင် မကြာဘူး ပြန်လည်လွတ်မြောက်လာကြတာ များတယ်။ ပြီးရင် လမ်းပေါ်ပြန်ရောက်ပြီး အရင်လိုပဲ ပြန်နှိုက်နေကြတာပါပဲ” လို့ သူက ပြောပြပါတယ်။

 

ပြီးခဲ့တဲ့ ၂၀၂၆ ခုနှစ် ဇန်နဝါရီလကနေ မေလ ၂၂ ရက်နေ့အထိ ကာလအတွင်းကလည်း YBS ယာဉ်လိုင်းတွေပေါ်နဲ့ ဘတ်စ်ကားမှတ်တိုင်တွေမှာ ပြစ်မှုကျူးလွန်နေတဲ့ ခါးပိုက်နှိုက် ၁၇၄ ဦးကို စစ်အုပ်စုလက်အောက်ခံ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ဖူးပါတယ်။

 

အဆိုပါ စစ်အုပ်စုလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးရမိခဲ့တဲ့ အမျိုးသား ၁၅၃ ဦးနဲ့ အမျိုးသမီး ၂၁ ဦးကို အမှုပေါင်း ၂၀၅ မှုနဲ့ အမှုဖွင့်လှစ်ခဲ့ပြီး ပြည်သူတွေထံက ခိုးယူထားတဲ့ လက်ကိုင်ဖုန်း အလုံးပေါင်း ၂၂၀ ကျော်ကို သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

 

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်မြို့ကြီးအတွင်းမှာ ခိုးမှု၊ လုယက်မှု၊ လူသတ်မှု အစရှိတဲ့ ရာဇဝတ်မှုပေါင်း ထောင်ချီ ဖြစ်ပွားခဲ့ပြီး၊ ထိရောက်စွာ ဖမ်းဆီးရမိသူ ဦးရေ နည်းပါးလှတာကြောင့် ယခုလိုမျိုး ပြစ်မှုကျူးလွန်မှုတွေ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာတာ ဖြစ်တယ်လို့ ဒေသတွင်း ရာဇဝတ်မှု စောင့်ကြည့်လေ့လာသူတွေက သုံးသပ်ထားကြပါတယ်။

 

ဓာတ်ပုံ – Pro / SAC

 

 

Related News

Depend on news