စစ်ကိုင်းတွင် စစ်အုပ်စု ဗုံးကြဲတိုက်ခိုက်တာကြောင့် ကလေးငယ်များအပါအဝင် ဒေသခံ ၈ ဦး သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရ
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မြောက်ခြမ်းရှိ နေရာတစ်ခုကို စစ်အုပ်စုက ဇွန် ၂၈ရက်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တွေအပါအဝင် ဒေသခံ ၈ ဦး သေဆုံးပြီး နေအိမ်ပျက်စီးမှုတွေအပြင် ထိခိုက်ဒဏ်ရာရရှိသူအများအပြားရှိတယ်လို့ ဒေသခံသတင်းအရင်းမြစ်တွေဆီကနေ သိရပါတယ်။
စစ်ကိုင်းမြို့နယ် မြောက်ခြမ်း တလိုင်းကျေးရွာရဲ့ အရှေ့ပိုင်းကို မနေ့ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်ခန့်ကစလို့ စစ်အုပ်စုရဲ့ တံတားဦးအခြေစိုက် ဂျက်တိုက်လေယာဉ် (Jet Fighter) တစ်စင်းက လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ်တိုင်တိုင် ပြုလုပ်ခဲ့ပြီး၊ ဗုံးကြဲချတဲ့အပြင် စက်သေနတ်တွေနဲ့ပါ ကျေးရွာအတွင်း ရမ်းသန်းပစ်ခတ်သွားခဲ့တယ်လို့ သိရပါတယ်။
“ရွာထိပ်က အိမ်ခြောက်လုံးလောက်ပျက်တယ်၊ ပြည်သူတွေလည်းသေတယ်၊ ၂၀ လောက်လည်း ဒဏ်ရာရတယ်။ ရွာအရှေ့ကို ဖိုက်တာနဲ့ သုံးလုံးလောက်ချတာ၊ အတော်လေးထိတယ်” လို့ ဒေသခံအမျိုးသားတစ်ဦးက CJ Platform ကို ပြောပြပါတယ်။
စစ်အုပ်စုဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားပြည်သူတွေ နေထိုင်တဲ့ ကျေးရွာအတွင်းကို အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၈ ဦး သေဆုံးခဲ့ကာ သေဆုံးသူတွေထဲမှာ အသက် ၅ နှစ်ကနေ အသက် ၁၄ နှစ်အရွယ် ကလေးငယ် လေးဦး ပါဝင်ပြီး၊ လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုနဲ့ ပစ်ခတ်မှုတွေကြောင့် ဒေသခံ ၂၀ ကျော် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သလို နေအိမ် ၅ လုံးခန့်လည်း ပျက်စီးခဲ့တယ်လို့ Wetlet Informational Network ရဲ့ ထုတ်ပြန်ဖော်ပြချက်အရ သိရပါတယ်။
ဓာတ်ပုံ – စစ်ကိုင်းမြို့နယ် သတင်းမှန် ပြန်ကြားရေး
ပုံစာ – ၂၀၂၃ခုနှစ်က တလိုင်းကျေးရွာကို စစ်အုပ်စုက မီးရှို့ဖျက်ဆီးခဲ့သည့် မြင်ကွင်း (ပုံဟောင်း)
