ကရင်ပြည်အတွင်း အလုပ်အကိုင်ရှားပါးပြီး ကုန်ဈေးနှုန်းကြီးမြင့်သဖြင့် လူငယ်အများအပြား ထိုင်းနိုင်ငံသို့ သွားရောက်လုပ်ကိုင်ရန် ရွေးချယ်လာကြ
ကရင်ပြည်တွင်းရှိ ဘားအံ၊ ကော့ကရိတ်နဲ့ လှိုင်းဘွဲ့ စတဲ့ မြို့နယ်တွေမှာ နိုင်ငံရေးနဲ့ စစ်ရေးအခြေအနေတွေကြောင့် ဒေသတွင်း အလုပ်အကိုင် အခွင့်အလမ်းတွေ ရှားပါးလာခြင်းနဲ့ ကုန်ဈေးနှုန်း အဆမတန် ကြီးမြင့်လာခြင်းတို့ကြောင့် မိသားစု စားဝတ်နေရေးအတွက် အရွယ်ရောက်ပြီးသူ လူငယ်အများအပြား ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အပါအဝင် မြို့ကြီးတွေဆီ သွားရောက်အလုပ်လုပ်ကိုင်ဖို့ နေ့စဉ်နဲ့အမျှ အစုလိုက်အပြုံလိုက် ထွက်ခွာလျက်ရှိကြောင်း ဒေသခံတွေနဲ့ အလုပ်သမားအရေး ဆောင်ရွက်သူတွေဆီကနေ သိရပါတယ်။
ဒေသတွင်းမှာ ယခင်က လယ်ယာလုပ်ငန်း၊ ပန်းရံလုပ်ငန်းနဲ့ အသေးစား ကုန်သည်လုပ်ငန်းတွေနဲ့ လုပ်ကိုင်စားသောက်လို့ ရခဲ့သော်လည်း၊ လက်ရှိအချိန်မှာ စက်သုံးဆီဈေးနှုန်းနဲ့ ကုန်ကြမ်းစရိတ်တွေ အဆမတန် မြင့်တက်လာတာကြောင့် လုပ်ငန်းအများစု ရပ်ဆိုင်းသွားကာ နေ့စားအလုပ်သမားတွေပါ အလုပ်လက်မဲ့ ဖြစ်လာကြရတာ ဖြစ်ပါတယ်။
ဘန်ကောက်မြို့သို့ သွားရောက်ဖို့ ပြင်ဆင်နေတဲ့ ဘားအံမြို့နယ်မှ အသက် ၂၂ နှစ်အရွယ် လူငယ်တစ်ဦးက “ဒီမှာက ဘာအလုပ်မှ လုပ်လို့မရတော့ဘူး။ ပန်းရံလုပ်လည်း ပုံမှန်အလုပ်မရှိသလို ရတဲ့နေ့စားခက မီးဖိုချောင်သုံးပစ္စည်းနဲ့ ဆီဖိုးနဲ့တင် ကုန်သွားရော။ အိမ်ကမိဘတွေကို လုပ်ကျွေးဖို့ ဝင်ငွေက မလောက်တော့ သူငယ်ချင်းတွေနဲ့အတူ ထိုင်းဘက်တက်ဖို့ ဆုံးဖြတ်လိုက်ရတာ။ နယ်စပ်ကနေ ဘန်ကောက်အထိ သွားဖို့ လမ်းစရိတ်နဲ့ အေးဂျင့်ခတွေ ဈေးကြီးပေမဲ့ ဒီမှာ ဆက်နေရင် အနာဂတ်မရှိလို့ သွားရတာပါ” လို့ မြေပြင်အခြေအနေကို ပြောပြပါတယ်။
ဒါ့အပြင် လက်ရှိကာလအတွင်း လူငယ်တွေအတွက် ဒေသတွင်း လုံခြုံရေးအရ စိုးရိမ်ရမှုတွေနဲ့ စစ်အုပ်စုရဲ့ ဖိအားပေးမှုတွေ ရှိနေခြင်းကလည်း ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်းလုပ်ကိုင်ဖို့ တွန်းအားတစ်ရပ် ဖြစ်စေခဲ့တာ ဖြစ်ပါတယ်။
ထိုင်း – မြန်မာနယ်စပ် အလုပ်သမားအရေး ဆောင်ရွက်နေသူတစ်ဦးက “လက်ရှိ ၂၀၂၆ ခုနှစ်အတွင်းမှာ ကရင်ပြည်နယ်ဘက်ကနေ ထိုင်းကို ကူးလာတဲ့ အရွယ်ကောင်း လူငယ်တွေ တအားများလာတယ်။ အဓိကကတော့ ပြည်တွင်းမှာ အလုပ်အကိုင်က လုံးဝမရှိတော့တာရယ်၊ ကုန်ဈေးနှုန်းက ကမောက်ကမ ဖြစ်နေတာရယ်ကြောင့် မိသားစုကို ထောက်ပံ့ဖို့ ဘန်ကောက်က စက်ရုံတွေ၊ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ သွားလုပ်ဖို့ နည်းလမ်းမျိုးစုံနဲ့ လာနေကြတာ ဖြစ်ပါတယ်” လို့ မြေပြင်အခြေအနေကို သုံးသပ်ပြောကြားပါတယ်။
အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) နဲ့ ကုလသမဂ္ဂ ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာ အဖွဲ့အစည်း (IOM) တို့ရဲ့ ၂၀၂၄ ခုနှစ်နဲ့ ၂၀၂၅ ခုနှစ်အတွင်း ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာတွေနဲ့ ထိုင်းနိုင်ငံအခြေစိုက် မြန်မာအလုပ်သမားအရေး ကူညီဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေရဲ့ နောက်ဆုံးရ စာရင်းဇယားတွေအရ မြန်မာနိုင်ငံမှာ အလုပ်အကိုင် ရှားပါးမှုနဲ့ လုံခြုံရေးအခြေအနေတွေကြောင့် ထိုင်းနိုင်ငံသို့ တရားဝင်နဲ့ တရားမဝင် နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ဦးရေဟာ တစ်နှစ်လျှင် အနည်းဆုံး ၃ သိန်းမှ ၅ သိန်းဝန်းကျင်အထိ ရှိနေကြောင်း သိရပါတယ်။
အဆိုပါ ထွက်ခွာသူတွေအနက် ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ပဲခူးတိုင်းတို့မှ လူငယ်ပိုင်း အများဆုံး ပါဝင်နေကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူတွေက သုံးသပ်ထားကြပြီး ရေရှည်မှာ ဒေသတွင်း လုပ်သားရှားပါးမှုဒဏ်ကို ပြင်းထန်စွာ ခံစားရနိုင်ကြောင်း စုံစမ်းသိရှိရပါတယ်။
ဓာတ်ပုံ – CJ
