Bontech စက်ရုံမှာ လုပ်ခတိုးမြှင့်ပေးရန် တောင်းဆိုနေပြီး စက်ရုံတွေမှာ လုပ်ခပြဿနာ ကူးစက်မြန်နေ
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်ရှိ Bontech အထည်ချုပ်စက်ရုံမှာ လုပ်ခလစာ တိုးမြှင့်ပေးဖို့အတွက် လုပ်ငန်းခွင်အတွင်း တောင်းဆိုမှုတွေ ပြုလုပ်နေကြပြီး၊ လက်ရှိအချိန်မှာ လုပ်ခတိုးတောင်းတဲ့ စက်ရုံအရေအတွက် ထပ်မံတိုးပွားလာနေတယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေဆီကနေ သိရပါတယ်။
ပြည်တွင်းအလုပ်သမားအရေး စောင့်ကြည့်လေ့လာသူ တစ်ဦးက “ကုန်ဈေးနှုန်းနဲ့ လုပ်ခလစာက မျှတမှုမရှိတော့ဘဲ ပေါက်ကွဲထွက်လာတဲ့ သဘောပါပဲ။ အလုပ်သမားတိုင်းက စားဝတ်နေရေး ကြပ်တည်းနေကြတော့ တောင်းဆိုမှုက တခြားစက်ရုံတွေကိုပါ ကူးစက်မြန်တဲ့ သဘောဖြစ်လာတာ” လို့ သုံးသပ်ပြောဆိုပါတယ်။
ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်အတွင်းရှိ Chi Sheng အထည်ချုပ်စက်ရုံနဲ့ Myanmar Chaofa လယ်သာအိတ်ချုပ်စက်ရုံတွေမှာ လုပ်ခလစာတိုးမြှင့်ပေးဖို့ တောင်းဆိုတာတွေ ရှေ့ဆင့်နောက်ဆင့် ထွက်ပေါ်ခဲ့ပြီးနောက်၊ ယခုအခါ Bontech အထည်ချုပ်စက်ရုံမှာလည်း အလားတူ တောင်းဆိုမှုမျိုး ပြုလုပ်လာကြတာ ဖြစ်ပါတယ်။
Myanmar Chaofa အိတ်ချုပ်စက်ရုံက အလုပ်သမားတွေရဲ့ တောင်းဆိုမှုကို ပြီးခဲ့တဲ့ ဇွန်လ ၂၄ ရက်နေ့က မြို့နယ်ပေါင်းစပ်အဖွဲ့က နှစ်ဖက်ခေါ်ယူ ညှိနှိုင်းပေးခဲ့တာကြောင့် ပြေလည်သွားခဲ့သော်လည်း၊ အခုအခါ လုပ်ခတိုးမြှင့်ပေးဖို့အတွက် နောက်ထပ် စက်ရုံတစ်ရုံက ထပ်မံတောင်းဆိုလာတာ ဖြစ်ပါတယ်။
Bontech စက်ရုံအလုပ်သမားတွေရဲ့ တောင်းဆိုမှုနဲ့ ပတ်သက်ပြီး မနေ့ နေ့လယ်ပိုင်းအထိ တစ်စုံတစ်ရာ ညှိနှိုင်းတဲ့အဆင့်သို့ ရောက်ရှိခြင်း မရှိသေးဘဲ၊ စစ်အုပ်စုလက်အောက်ခံ မြို့နယ်ရဲစခန်းက နယ်ထိန်းရဲတွေကတော့ အခြေအနေကို လာရောက်စောင့်ကြည့်သွားတယ်လို့ သွေးစည်းညီညွတ်သော အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (STUM) က အသိပေးထုတ်ပြန်ထားပါတယ်။
အဆိုပါ စက်ရုံအလုပ်သမားတွေက နေ့တွက်စရိတ် (ဒေးကြေး) ကို ၁၅,၀၀၀ ကျပ်၊ အချိန်ပို (OT) ကြေးကို ၃,၀၀၀ ကျပ်၊ ရက်မှန်ကြေး ၆၀,၀၀၀ ကျပ်နဲ့ အပူခံကြေး ၃၀,၀၀၀ ကျပ်အထိ တိုးမြှင့်ပေးဖို့ တောင်းဆိုနေကြတာ ဖြစ်တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – STUM
