ရခိုင်မှာ ငွေလွှဲ/ငွေထုတ် ဝန်ဆောင်မှုပေးနေသူတွေရဲ့ KBZ Pay အကောင့်တွေ အပိတ်သိမ်းခံရပြီးနောက် ငွေထုတ်ခ ၂ ဆခန့် မြင့်တက်လာ

Author CJ Platform
Categories
Published on Jun 26, 2026

ရခိုင်ပြည်အတွင်းမှာ ငွေလွှဲ/ငွေထုတ် ဝန်ဆောင်မှုပေးနေသူတွေရဲ့ KBZ Pay အကောင့်တွေ အပိတ်သိမ်းခံရပြီးနောက်၊ ဒေသတွင်းက ငွေထုတ်ခ ဈေးနှုန်းတွေဟာ ၂ ဆခန့်အထိ မြင့်တက်လာနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

 

ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်နေ့က KBZ ဘဏ်ရဲ့ နည်းပညာအဆင့်မြှင့်တင်မှုအပြီးမှာ ငွေလွှဲ/ငွေထုတ် ဝန်ဆောင်မှု ပြုလုပ်နေတဲ့ အကောင့်တွေဟာ ရုတ်တရက် အသုံးပြုလို့မရဘဲ ပိတ်သိမ်းခံလိုက်ရတာ ဖြစ်ကြောင်း ဝန်ဆောင်မှုပေးနေသူတွေက ဆိုကြပါတယ်။

 

KBZ Pay အကောင့်တွေ မပိတ်သိမ်းခင်က ရခိုင်ပြည်နယ်အတွင်းမှာ ငွေထုတ်ခ ဈေးနှုန်းတွေဟာ မြန်မာငွေ ကျပ် ၁ သိန်းဆိုရင် ၂,၀၀၀ ကျပ်ကနေ ၃,၅၀၀ ကျပ်အထိသာ ပေးရသော်လည်း၊ လက်ရှိမှာတော့ ၅,၀၀၀ ကျပ်ကနေ ၆,၅၀၀ ကျပ်အထိ ပေးဆောင်နေရကြောင်း ဒေသခံတွေဆီက သိရပါတယ်။ 

 

ရခိုင်ပြည်အတွင်းမှာ အလုပ်အကိုင် ရှားပါးမှုတွေကြောင့် အရွယ်ရောက်ပြီးသူ ဒေသခံအများစုဟာ ပြည်မနဲ့ နိုင်ငံခြားတွေကို သွားရောက်ကာ အလုပ်လုပ်ကိုင်နေကြရပြီး၊ ဒေသတွင်းက မိသားစုတွေကို ပြန်လည်ထောက်ပံ့ပေးနေရတာ ဖြစ်ပါတယ်။

 

“အဒေါ်တို့ မိသားစုမှာက ရန်ကုန်မှာ အလုပ်လုပ်ကိုင်နေတဲ့ သမီးဆီက ပို့ပေးတဲ့ဝင်ငွေနဲ့ စားဝတ်နေရေးအပြင် သူ့အောက်က အငယ်ကလေးတွေကိုပါ ပညာသင်ကြားပေးနေရတာပါ။ သူ့ဆီက ပို့တဲ့ငွေလေး ၄၊ ၅ သိန်းမှာ ၁ သိန်းကို ၆,၀၀၀ ကျပ် ပေးပြီး ထုတ်နေရတော့ ဒီတိုင်းကြာလာရင် မလွယ်ပါဘူး” လို့ ပုဏ္ဏားကျွန်းမြို့နယ် ဒေသခံ အမျိုးသမီးတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

တစ်ဖက်မှာလည်း ရခိုင်ပြည်က ငွေလွှဲ/ငွေထုတ် ဝန်ဆောင်မှုပေးသူ ၁၀ ဦးထက်မနည်းရဲ့ KBZ Pay အကောင့်တွေဟာ အပိတ်သိမ်းခံထားရပြီး၊ နောက်ထပ် ပိတ်သိမ်းခံရမှာကိုလည်း ငွေလွှဲ/ငွေထုတ် ဝန်ဆောင်မှုပေးနေသူတွေက စိုးရိမ်ပူပန်နေကြပါတယ်။

 

“အစက ဒီတိုင်း System Update လို့ ထင်နေကြတာ။ ခဏကြာတော့ အကောင့်ဝင်လို့ မရတော့ဘူး။ ကိုယ်တွေနဲ့ အတူတူ လုပ်ကိုင်နေကြတဲ့သူတွေ တော်တော်များများလည်း ဖြစ်သွားကြတယ်။ သိန်း ၂,၀၀၀ အထိ ပါသွားတဲ့သူတွေလည်း ရှိတယ်။ ကျောက်တော်မြို့နယ်ကဆို ၂၊ ၃ ယောက်လောက် ကြားရတယ်။ ပြီးတော့ မနေ့က မင်းပြားမြို့နယ်ကလည်း ၂ ယောက် အကောင့်ပိတ်ခံရတော့ ငွေတော်တော်များများ ပါသွားတယ်လို့ ပြောတယ်” လို့ မြောက်ဦးမြို့နယ်က ငွေလွှဲ/ငွေထုတ် ဝန်ဆောင်မှုပေးနေသူ အမျိုးသမီးတစ်ဦးက ဆိုပါတယ်။

 

ဒါ့အပြင် လက်ရှိမှာ ငွေသား ၁ သိန်းလျှင် ကျပ်ငွေ ၄,၅00 အထိ ဈေးပေးပြီး ဝယ်ယူနေရကြောင်းနဲ့ အကောင့်ထဲမှာလည်း အရင်လို ငွေအများကြီး မထားရဲတော့တာကြောင့် အခက်အခဲ တွေ့နေရတယ်လို့ အဆိုပါ အမျိုးသမီးက ဆက်လက်ပြောပြပါတယ်။

 

ရခိုင်ပြည်တွင်းမှာ စစ်အုပ်စုနဲ့ အာရက္ခတပ်တော် (AA) တို့ရဲ့ တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နှစ်ကုန်ပိုင်းကစတင်ကာ ဘဏ်လုပ်ငန်းတွေ ရပ်တန့်ခဲ့ရတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒေသခံ ပြည်သူတွေဟာ ပြည်တွင်း/ပြည်ပ ငွေလွှဲငွေထုတ်လုပ်ငန်းတွေအတွက် အွန်လိုင်းငွေကြေးဝန်ဆောင်မှုတွေဖြစ်တဲ့ KBZ Pay၊ WavePay နဲ့ Wave Money တို့ကိုသာ အဓိက အားကိုးအားထားပြုပြီး အသုံးပြုနေရတာ ဖြစ်ကြောင်း စုံစမ်းသိရှိရပါတယ်။

 

ဓာတ်ပုံ – CJ

CJ 009

 

 

Related News

Depend on news