ထိုင်းဘတ်ငွေအတု လက်ဝယ်ရှိသူနဲ့ သုံးစွဲသူအချို့ ဖမ်းမိပေမဲ့ ငွေတုဘတ် ၅ သိန်းကျော် မြဝတီမြို့ထဲ ပျံ့နှံ့နေ

Author CJ Platform
Categories
Published on Jun 26, 2026

ထိုင်း-မြန်မာနယ်စပ်၊ မြဝတီမြို့မှာ အခု ဇွန်လအတွင်း ထိုင်းဘတ်ငွေအတု လက်ဝယ်ရှိသူနဲ့ ဘတ်ငွေအတု သုံးစွဲသူတွေကို စစ်အုပ်စု၊ ကရင် BGF တပ်ဖွဲ့နဲ့ ကရင်ငြိမ်းချမ်းရေးတပ်ဖွဲ့ (KNA) တို့က ဖမ်းဆီးရမိခဲ့ပေမဲ့လည်း၊ ငွေတုဖြန့်ဖြူးတဲ့ တရားခံတွေ ရောင်းဝယ်ဖြန့်ချိထားတဲ့ ဘတ်ငွေအတုတွေဟာ မြဝတီငွေကြေးဈေးကွက်ထဲမှာ ဘတ် ၅ သိန်းကျော်အထိ ပျံ့နှံ့နေတယ်လို့ KNA တပ်ဖွဲ့ရဲ့ သတင်းအရင်းအမြစ်ဆီကနေ သိရပါတယ်။

 

အခု ဇွန်လ ၁၁ ရက်နေ့နဲ့ ၁၅ ရက်နေ့က KNLA/PC ကရင်ငြိမ်းချမ်းရေးကောင်စီတပ်ဖွဲ့က အရာရှိ ၂ ဦးနဲ့ ဖုန်းဆိုင်လုပ်ငန်းရှင်တစ်ဦးကို စစ်အုပ်စုနဲ့ ကရင် BGF တပ်ဖွဲ့က ထိုင်းဘတ်ငွေအတု သုံးစွဲမှု၊ လက်ဝယ်ထားရှိမှုတို့နဲ့ ဖမ်းဆီးရမိခဲ့ပြီး၊ ဇွန်လ ၂၂ ရက်နေ့မှာတော့ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ဘက်ကို ထိုင်းဘတ်ငွေအတု ဆယ်သိန်းဝန်းကျင် ရောင်းဝယ်ဖြန့်ချိထားသူ ၂ ဦးကို KNA ကရင်ငြိမ်းချမ်းရေးတပ်ဖွဲ့က စောင့်ကြည့်ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

 

“ပထမ PC ထို့ကော်ကိုးတပ်ဖွဲ့က အရာရှိ ၂ ယောက်နဲ့ ဖုန်းဆိုင်ရှင်တစ်ယောက်က ဘတ်ငွေတုသုံးတာကို မိတာပေါ့နော်။ သူတို့ဆီကနေတစ်ဆင့် နောက်ထပ် ဘတ်အတု လာသွင်းမယ့်ဟာကို စောင့်ကြည့်ပြီး ဖမ်းဆီးတာမှာ ဘတ် ၁၀ သိန်းလောက် မြဝတီဘက် သွင်းထားတဲ့သူ ၂ ယောက်ကို KNA က ဖမ်းမိတယ်။ သူတို့လက်ထဲမှာ ဘတ် ၄ သိန်း ၉ သောင်း လက်ရဖမ်းမိတယ်၊ ကျန်တဲ့ ဘတ်အတု ၅ သိန်း ၁ သောင်းလောက်ကတော့ မြဝတီမြို့ထဲ ပျံ့နှံ့နေတယ်” လို့ KNA တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပြပါတယ်။

 

အခုလိုမျိုး ထိုင်းဘတ်ငွေအတုတွေ ဘတ် ၅ သိန်းကျော် ပျံ့နှံ့နေတဲ့အပေါ် ကရင်အပစ်ရပ် လက်နက်ကိုင်အဖွဲ့နဲ့ စစ်အုပ်စု၊ ရဲတပ်ဖွဲ့ဝင်တွေက လက်ဝယ်ထားရှိသူနဲ့ သုံးစွဲသူတွေကို ဆက်လက်စုံစမ်း စစ်ဆေးနေကြပြီး၊ လက်ရှိ ဖမ်းဆီးရမိထားသူတွေကိုတော့ BGF နဲ့ KNA တပ်ဖွဲ့တွေက မြဝတီမြို့မရဲစခန်းနဲ့ ဖားအံမြို့ရှိ စစ်အုပ်စု စစ်ကြောရေးစခန်းတွေဘက်ကို လွှဲပြောင်းပို့ဆောင်ထားတယ်လို့ သိရပါတယ်။

 

လတ်တလောမှာ မြဝတီမြို့ဘက်၌ ထိုင်းဘတ် ၁,၀၀၀ တန်တွေကို သုံးစွဲရာမှာ ငွေအတုနဲ့ အစစ် ခွဲခြားနိုင်တဲ့ မှင်ခြစ်ဘောပင်ကို အသုံးပြုစစ်ဆေးပြီးမှသာ အရောင်းအဝယ် ပြုလုပ်ကြပြီး၊ ဈေးဆိုင်တွေမှာ ထိုင်းဘတ်ငွေနဲ့ ဝယ်ယူတာမျိုး လုပ်ဆောင်နေရတယ်လို့ မြဝတီမြို့ခံတစ်ဦးက ပြောပါတယ်။

 

“ဘတ်တစ်ထောင်တန်အတုတွေ ဖမ်းမိတယ်။ ထိုင်းဘတ် ၅ သိန်းကျော် အတုတွေ ပျံ့နှံ့နေတော့ ဘတ်ငွေကို သတိထားပြီး ကိုင်တွယ်နေရတယ်။ အခုက ညဘက် စားသောက်ဆိုင်၊ ဘား၊ ကလပ်နဲ့ ညဈေးတန်းဆိုင်တွေမှာ ငွေအတုတွေ ရောနှောသုံးစွဲကြတာမျိုး ရှိတယ်။ ငွေတုစစ်တဲ့ မှင်ခြစ်ဘောပင်နဲ့ ခြစ်ကြည့်လို့ မှင်ရာမထင်မှ ငွေအစစ်ဆိုပြီး တစ်ရွက်ချင်း စစ်ကြည့်ပြီး အရောင်းအဝယ် လုပ်နေရတာ။ အတုတစ်ရွက် မိသွားရင် မြန်မာငွေ တစ်သိန်းကျော် ထိခိုက်ဆုံးရှုံးပြီလေ” လို့ သူက ရှင်းပြပါတယ်။

 

အဲဒီလိုမျိုး ထိုင်းဘတ်ငွေအတုတွေ မြန်မာနိုင်ငံ မြဝတီမြို့ဘက်မှာ ဖမ်းဆီးရမိတာနဲ့ ပတ်သက်ပြီး ငွေအတု ထုတ်လုပ်ဖြန့်ချိနေတဲ့ နောက်ဆက်တွဲ တရားခံတွေကို ဆက်လက်ဖမ်းဆီးနိုင်ဖို့အတွက် ထိုင်းအာဏာပိုင် အဖွဲ့အစည်းတွေကိုလည်း KNA ကရင်ငြိမ်းချမ်းရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက အကူအညီတောင်းခံ အကြောင်းကြားထားတယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – KNA