ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ဆုတောင်း ပေးပို့လာတဲ့ တရုတ်ကွန်မြူနစ်ပါတီကို အထူးကျေးဇူးတင်ကြောင်း ထုတ်ပြန်

Author CJ Platform
Categories
Published on Jun 26, 2026

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) နှစ်မြောက် မွေးနေ့အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးနဲ့ အရာအားလုံး ကောင်းမွန်ပါစေကြောင်း မွေးနေ့ဆုတောင်း ပေးပို့လာတဲ့ တရုတ်ကွန်မြူနစ်ပါတီ၊ နိုင်ငံတကာဌာနကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး လှုံ့ဆော်မှုအဖွဲ့ (CRPP-NLD) က အထူးကျေးဇူးတင်ရှိကြောင်း ထုတ်ပြန်ကြေညာလိုက်ပါတယ်။

 

NLD ဗဟိုအလုပ်ကော်မတီရဲ့ ဦးဆောင်မှုနဲ့ ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်နေ့က ဖွဲ့စည်းခဲ့တဲ့ CRPP-NLD အဖွဲ့ဟာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ ခြွင်းချက်မရှိ လွတ်မြောက်ရေးအတွက် ရည်ရွယ်ကာ ဇွန်လ ၁၉ ရက်နေ့က ကျရောက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) နှစ်မြောက် မွေးနေ့မတိုင်မီအချိန်အထိ ဓာတ်ပုံကမ်ပိန်းတွေ ပြုလုပ်တာ၊ ဖမ်းဆီးခံထားရတဲ့ ရက်ပေါင်း မည်မျှရှိကြောင်း ဖော်ပြတာတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှတ်သားဖွယ် ပြောစကားတွေကို အသုံးပြုပြီး၊ လူမှုကွန်ရက် (Social Media) ပလက်ဖောင်းတွေပေါ်မှာ နေ့စဉ်ဖော်ထုတ် တောင်းဆိုတာတွေ ပြုလုပ်ဖို့ လှုံ့ဆော်ခဲ့ပါတယ်။

 

အဲဒီလိုမျိုး လှုံ့ဆော်မှုကို ဒေါ်အောင်ဆန်းစုကြည်အပေါ် လေးစားချစ်ခင်ကြတဲ့အတွက်ကြောင့် လည်းကောင်း၊ မတရားဖိနှိပ်မှုကို ဆန့်ကျင်ကန့်ကွက်တဲ့ အသိစိတ်ကြောင့်လည်းကောင်း၊ မြန်မာ့ဒီမိုကရေစီရေးနဲ့ ဖက်ဒရယ်ရေးအတွက်ကြောင့်လည်းကောင်း စတဲ့ရည်ရွယ်ချက်၊ ခံယူချက်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) နှစ်မြောက် မွေးနေ့ဖြစ်တဲ့ ၂၀၂၆ ခုနှစ် ဇွန်လ ၁၉ ရက်နေ့အထိတိုင်အောင် မွေးနေ့ရှင်နဲ့အတူ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် တစ်ဦးချင်းတစ်ယောက်ချင်းသာမက အဖွဲ့အစည်းအလိုက်၊ အုပ်စုလိုက်၊ အင်အားစုအလိုက် အင်တိုက်အားတိုက် ပူးပေါင်းပါဝင်ခဲ့ကြတာကို ဝမ်းမြောက်အားတက်စွာ တွေ့ရှိရကြောင်း ဖော်ပြထားပါတယ်။

 

လှုံ့ဆော်မှုအပေါ် ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းအသီးသီးက အင်တိုက်အားတိုက် ပူးပေါင်းပါဝင်ခဲ့ကြတဲ့အတွက် ဝမ်းမြောက်အားတက်မိပြီး ကျေးဇူးတင်ရှိကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) နှစ်ပြည့် မွေးနေ့အခမ်းအနားကို ကျန်းမာရေးနဲ့ အရာအားလုံး ကောင်းမွန်ပါစေကြောင်း ဆုတောင်းပေးပို့ခဲ့တဲ့ တရုတ်ကွန်မြူနစ်ပါတီအပြင်၊ နှုတ်အားဖြင့် ဆုတောင်းမေတ္တာ ပေးပို့ကြတဲ့ နိုင်ငံတကာ သံတမန်တွေကိုလည်း အထူးကျေးဇူးတင်ရှိကြောင်း ထည့်သွင်းဖော်ပြထားပါတယ်။

 

ဒါ့အပြင် ဥရောပသမဂ္ဂနဲ့ အဖွဲ့ဝင်နိုင်ငံတွေ၊ အမေရိကန်ပြည်ထောင်စု၊ ဂျပန်နိုင်ငံ၊ ယူနိုက်တက်ကင်းဒမ်း၊ ဂျာမနီနိုင်ငံ၊ ဆွစ်ဇာလန်နိုင်ငံ၊ ချက်သမ္မတနိုင်ငံ၊ ဩစတြေးလျနိုင်ငံ၊ နော်ဝေနိုင်ငံ၊ အရှေ့တီမောနိုင်ငံနဲ့ ဖိလစ်ပိုင်နိုင်ငံတို့အပြင် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ လွှတ်တော်တွေ၊ သံရုံးတွေအပြင် လူ့အခွင့်အရေးအဖွဲ့အစည်း အသီးသီးကလည်း မွေးနေ့ဆုတောင်း သဝဏ်လွှာတွေ ပေးပို့ခဲ့ကြပါတယ်။

 

နိုင်ငံတကာအဖွဲ့အစည်းတွေက မွေးနေ့ဆုတောင်းတွေနဲ့အတူ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေး၊ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနဲ့ လူသားချင်းစာနာထောက်ထားရေး အချက်တွေကိုပါ ထည့်သွင်းထုတ်ပြန်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ဂုဏ်ပြုကြောင်းကိုလည်း ဖော်ပြထားပါတယ်။

 

CRPP-NLD အနေနဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်တဲ့အထိ ဆက်လက်ကြိုးပမ်း လှုံ့ဆော်သွားမှာဖြစ်ပြီး၊ အားလုံး ပူးပေါင်းပါဝင်ပေးကြဖို့ တိုက်တွန်းထားကြောင်း သိရပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်