စစ်တွေမှာ နေအိမ်တချို့ကို စစ်အုပ်စုက ချိတ်ပိတ်
ရခိုင်ပြည် စစ်တွေမြို့ပေါ်ရှိ ဒေသခံပြည်သူတွေရဲ့ နေအိမ်တချို့ကို စစ်အုပ်စုက လိုက်လံချိတ်ပိတ် သိမ်းဆည်းနေကြောင်း သတင်းရရှိပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်နေ့က စစ်တွေမြို့၊ ဝေသာလီကွင်းအနီးမှာရှိတဲ့ ဦးစံကျော်လှရဲ့ နေအိမ်ကို စစ်အုပ်စုတပ်ဖွဲ့ဝင်တွေ၊ ရဲတွေနဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူတချို့ လာရောက်ပြီး ချိတ်ပိတ်သွားခဲ့တယ်လို့ ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
“အိမ်မှာက လူမရှိပါဘူး။ စစ်ဘေးရှောင်နေကြတာပေါ့။ အခုမှ ဘာဖြစ်လို့ လာရောက်ချိတ်ပိတ်သွားလဲတော့ မသိဘူး” လို့ သူက ပြောပြပါတယ်။
ဒါ့အပြင် မင်းဂံရပ်ကွက် အကွက် (၁၀) မှာရှိတဲ့ ဦးအောင်သိန်းရဲ့ နေအိမ်ကိုလည်း တော်လှန်ရေးအဖွဲ့တွေနဲ့ ဆက်စပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဇွန်လ ၂၀ ရက်နေ့မှာ စစ်အုပ်စုက ချိတ်ပိတ်လိုက်ကြောင်း သိရပါတယ်။
“ပြောရရင် စစ်ပွဲတွေ ပြင်းထန်လာလေလေ သူတို့ ပိုပြီးတော့ လှုပ်လှုပ်ရှားရှား ဖြစ်လာလေလေပဲ။ စစ်ဘေးရှောင်စခန်းတွေအထိပါ ဝင်ရောက်မွှေနှောက်ပြီး ဖမ်းဆီးနေကြတာ။ အာရက္ခတပ်တော် (AA) နဲ့ ဆက်စပ်တယ်ဆိုပြီး ဖမ်းတာ။ နေအိမ်တွေကိုလည်း အဲဒီလိုမျိုး လိုက်လံချိတ်ပိတ်နေတာပါ” လို့ စစ်တွေမြို့က အမည်မဖော်လိုတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့ကလည်း ရဲနဲ့ စစ်အုပ်စုတပ်ဖွဲ့ဝင် အင်အား ၂၀ ဝန်းကျင်ခန့်က စစ်တွေမြို့၊ ဘောက်သီးစုရပ်ကွက်မှာရှိတဲ့ စာရေးဆရာ ဝေဟင်အောင်ရဲ့ နေအိမ်ကို ရောက်ရှိလာပြီး၊ အိမ်အတွင်းမှာရှိတဲ့ ပစ္စည်းတွေကို အလုအယက် ခိုးယူမွှေနှောက်သွားခဲ့ကြပြီးနောက် နေအိမ်ကိုပါ ချိတ်ပိတ်သွားခဲ့ကြောင်း သိရပါတယ်။
စာရေးဆရာ ဝေဟင်အောင်ဟာ AA ထိန်းချုပ်နယ်မြေတွေအတွင်းက စစ်ဘေးရှောင် ပြည်သူတွေကို ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ကိုင်ပေးနေသူ ဖြစ်ပါတယ်။
စစ်အုပ်စုက အာရက္ခတပ်တော် (AA) နဲ့ ဆက်စပ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ စစ်တွေမြို့ပေါ်က နေအိမ်တချို့ကို ရခိုင်ပြည်နယ် စစ်ကောင်စီအစိုးရအဖွဲ့ရဲ့ အမိန့်နဲ့ ချိတ်ပိတ်နေသလို၊ ပြည်သူတွေကို စစ်ဆေးဖမ်းဆီးမှုတွေကိုလည်း ယခင်ကထက် ပိုမိုဆိုးရွားစွာ လုပ်ဆောင်လာနေတယ်လို့ မြို့ခံတွေက ဆိုကြပါတယ်။
ဓာတ်ပုံ – ပုံဟောင်း
