ထိုင်းကုန်စည်တွေ သယ်ယူခွင့် ပိတ်ထားလို့ BGF/KNA နဲ့ KNLA/PC တို့ရဲ့ ထိန်းချုပ်လမ်းပိုင်းတွေမှာ အကောက်ခွန်ဝင်ငွေ ရပ်တန့်နေ
ထိုင်း-မြန်မာနယ်စပ်က ထိုင်းနိုင်ငံထုတ် ကုန်စည်တွေ သယ်ဆောင်နေတဲ့ လမ်းပိုင်းတွေဖြစ်တဲ့ ၁၀၁၈ လမ်းပိုင်းနဲ့ ကြက်ဥတောင် လမ်းပိုင်းကို ထိန်းချုပ်ထားတဲ့ BGF/KNA တပ်ဖွဲ့ပိုင် လမ်းပိုင်းတွေအပြင်၊ ထို့ကော်ကိုး လမ်းပိုင်းနဲ့ ဒုံးကျည်တောင် လမ်းပိုင်းကို ထိန်းချုပ်ထားတဲ့ KNLA/PC တပ်ဖွဲ့ပိုင် လမ်းပိုင်းတွေကို စစ်အုပ်စုက ထိုင်းကုန်စည်တွေ ဖြတ်သန်းသယ်ဆောင်ခွင့် မပြုဖို့ တားမြစ်ပိတ်ပင်ထားတာကြောင့်၊ အဆိုပါအဖွဲ့တွေရဲ့ အကောက်ခွန်ဝင်ငွေ ကျပ်သိန်းထောင်ချီ ရပ်တန့်နေရတယ်လို့ ကရင်အပစ်ရပ် လက်နက်ကိုင်အဖွဲ့ တာဝန်ရှိသူတွေဆီကနေ သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂ ရက်နေ့က မြဝတီအာရှလမ်းသစ် ပြန်လည်ဖွင့်လှစ်တဲ့ ရက်ကစတင်ပြီး အဲဒီလမ်းပိုင်း ၃ ခုကနေ ကုန်တင်ကားတွေ၊ ခရီးသည်တင်ယာဉ်တွေနဲ့ ထိုင်းကုန်စည်တွေ တင်ဆောင်ပြီး သွားလာတာမျိုး မလုပ်ဆောင်ဖို့ စစ်အုပ်စုက အမိန့်ပေးတားမြစ်ထားတာကြောင့် နေ့စဉ်ဝင်ငွေ ကျပ်သိန်းထောင်ချီ မရရှိဘဲ ရပ်တန့်နေတယ်လို့ BGF တပ်ဖွဲ့ ဂိတ်တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“အခုဆို ၃ လနီးပါး ရှိသွားပြီလေ။ စစ်တပ်က ထိုင်းကားတွေ ပေးမဆင်းနဲ့၊ ပေးဆင်းပေးသယ်ရင် လေယာဉ်နဲ့ ဗုံးကြဲမယ်၊ စစ်ကြောင်းထိုးပြီး အဲဒီနေရာတွေကို တပ်ဝင်ထိုင်မယ်ဆိုတာမျိုး ခြိမ်းခြောက်ထားတော့ ဂိတ်တွေ အကောက်အစား မရတော့ဘူး။ တစ်နေ့ကို သိန်းထောင်ချီရမှ ရဲဘော်တွေ စားသောက်ဖို့ ရတာလေ။ အခုက ဘာမှလုပ်လို့မရဘူး၊ ကိုယ့်တပ်ကိစ္စ ကိုယ်ပိုင်သွားလာတာပဲ ရှိတယ်” လို့ ၁၀၁၈ လမ်းပိုင်းရဲ့ လမ်းပိုင်းတာဝန်ရှိသူတစ်ဦးက ပြောပြပါတယ်။
အခုလိုမျိုး စစ်အုပ်စုက မြဝတီအာရှလမ်းကို ပြန်လည်ဖွင့်လှစ်ပြီး သွားလာခွင့် ပေးထားပေမဲ့လည်း ထိုင်းနိုင်ငံထုတ် ကုန်စည်တွေကို သယ်ယူခွင့်မပြုဘဲ တစ်ပိုင်တစ်နိုင် သယ်ယူသူတွေကို လိုက်လံဖမ်းဆီးနေတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကုန်သည်ကြီးတွေရဲ့ ထိုင်းကုန်တင်ကားတွေကိုတော့ လာဘ်ငွေ ကျပ်သိန်းထောင်ချီ ရယူပြီး မြဝတီ၊ ကျုံဒိုး၊ ဖားအံ လမ်းပိုင်းတွေမှာ သယ်ယူခွင့်ပြုနေတယ်လို့ ကုန်ကားမောင်းနှင်သူတွေက ဝေဖန်ပြောဆိုကြပါတယ်။
“မြဝတီ၊ ဖားအံ၊ မော်လမြိုင် လမ်းပိုင်းမှာ တစ်ဆွဲတစ်ပိုး သယ်ယူတဲ့သူတွေကိုပဲ ဖမ်းတာ။ ကုန်ကားကြီးတွေက မြဝတီကနေ ခိုးလမ်းပတ်ပြီး အာရှလမ်းကနေ ဆင်းတယ်။ လမ်းမှာရှိတဲ့ အဖွဲ့စုံဂိတ်တွေ၊ တံတားတွေ၊ မြို့အဝင်ဂိတ်တွေကို ငွေကျပ် သိန်းဆယ်ချီပေးပြီး ညှိနှိုင်းကာ ဖားအံအထိ သယ်ကြတာ။ ဖားအံကနေ ရန်ကုန်၊ မန္တလေးအထိကတော့ သိန်းရာချီ ညှိနှိုင်းပေးပြီး အဆင့်ဆင့် သယ်နေရတယ်။ ထို့ကော်ကိုးတို့၊ ကြက်ဥတောင်တို့၊ ၁၀၁၈ လမ်းတို့ကနေတော့ ပေးမဆင်းဘူး၊ စစ်တပ်က ပစ်ခတ်ဖမ်းဆီးမယ် ပြောထားတယ်” လို့ ကုန်တင်ကားကြီး ယာဉ်မောင်းတစ်ဦးက ရှင်းပြပါတယ်။
လတ်တလောမှာ မြဝတီ-မဲဆောက် နယ်စပ်ကုန်သွယ်ရေး တံတားအမှတ် (၂) ကို စစ်အုပ်စုဘက်က ပြန်လည်ဖွင့်လှစ်ထားပြီး၊ မြန်မာ့စိုက်ပျိုးသီးနှံတွေဖြစ်တဲ့ ပဲ၊ ပြောင်း၊ ကြက်သွန်၊ အာလူးနဲ့ ငရုတ်သီး ကုန်စည်တွေကို ထိုင်းနိုင်ငံဘက် တင်ပို့ကုန်အဖြစ် အခွန် (Duty) ခွင့်ပြုထားပါတယ်။ ဒါပေမဲ့ ထိုင်းကုန်စည်တွေ မြန်မာနိုင်ငံဘက် တင်သွင်းခွင့်အတွက်တော့ စစ်အုပ်စုရဲ့ နယ်စပ်ကုန်သွယ်ရေးနဲ့ အကောက်ခွန်ဦးစီးဌာနက ခွင့်မပြုသေးတာကြောင့် သောင်ရင်းမြစ်ဘေးက တရားမဝင်ဂိတ်တွေကနေတစ်ဆင့် ခိုးသွင်းသယ်ယူနေရတယ်လို့ သိရပါတယ်။
အခုလိုမျိုး စစ်အုပ်စုက မြဝတီ၊ ကော့ကရိတ်၊ ကျုံဒိုး လမ်းပိုင်းတွေကို ထိန်းချုပ်ပြီး လုံခြုံရေးအကြောင်းပြကာ အကောက်ခွန်ငွေတွေ တောင်းခံရယူနေတာကြောင့်၊ ကရင်အပစ်ရပ် လက်နက်ကိုင်အဖွဲ့တွေရဲ့ လမ်းပိုင်းထိန်းချုပ်ထားတဲ့ တပ်ဖွဲ့တွေအနေနဲ့ သူတို့ရဲ့လမ်းတွေကို ပြန်လည်အသုံးပြုခွင့်ပေးရေးအတွက် မြဝတီအခြေစိုက် စစ်အုပ်စုတပ်တွေနဲ့ ဆွေးနွေးတာတွေ ရှိနေပေမဲ့လည်း၊ စစ်အုပ်စုဘက်က ပြန်လည်ခွင့်ပြုတာမျိုး မရှိသေးဘူးလို့ မြဝတီမြို့အခြေစိုက် ကရင်လက်နက်ကိုင်အဖွဲ့ ဆက်ဆံရေးရုံးတွေနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေဆီကနေ သိရပါတယ်။
ဓာတ်ပုံ – CJ
CJ 003
