ရေဆင်းကူးတဲ့ အလေ့အထနဲ့ စက်လှေသမားတွေရဲ့ ပေါ့ဆမှုကြောင့် ရခိုင်မှာ ရေနစ်သေဆုံးသူ အရေအတွက် မြင့်တက်လာ

Author CJ Platform
Categories
Published on Jun 25, 2026

ရခိုင်ပြည်တွင်းရှိ မြစ်၊ ချောင်းတွေထဲမှာ ရေဆင်းကူးတတ်တဲ့ အလေ့အထနဲ့ ခရီးသည်တင် စက်လှေသမားတွေရဲ့ ပေါ့ဆမှုတွေကြောင့် ရေနစ်သေဆုံးမှု ဖြစ်စဉ်တွေဟာ ယခုနှစ်အတွင်းမှာ သိသိသာသာ မြင့်တက်လာနေပါတယ်။

 

ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်နေ့ နံနက် ၁၁ နာရီဝန်းကျင်အချိန်က ပုဏ္ဏားကျွန်းမြို့၊ ဦးရာဇ်တောင်တံတားအနီးမှာ ခရီးသည်တင် စက်လှေတစ်စီး နစ်မြုပ်ခဲ့တာကြောင့် ခရီးသည် ၁၁ ဦးအထိ သေဆုံးခဲ့ရတဲ့ ဖြစ်စဉ် ရှိခဲ့ပါတယ်။ 

 

အလားတူပဲ အဆိုပါနေ့ ညနေ ၃ နာရီဝန်းကျင်အချိန်ကလည်း ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာမှာ မြစ်ထဲကို ရေဆင်းကူးတဲ့ အသက် ၁၂ နှစ်အရွယ်နဲ့ ၁၃ နှစ်အရွယ် မိန်းကလေးငယ် ၂ ဦး ရေနစ်သေဆုံးခဲ့ရပါသေးတယ်။

 

ရခိုင်က ဒေသခံအများစုဟာ မြစ်ချောင်းတွေမှာ ရေဆင်းကူးတာ၊ လှေငယ်တွေနဲ့ ဟင်းစားရှာဖွေဖို့ ထွက်တာ၊ ရေကြောင်းခရီး သွားလာရာမှာ အရေးပေါ် အသက်ကယ်အင်္ကျီ (Life Jacket) များ ပါရှိခြင်းမရှိတာ၊ စက်လှေတွေကို အရက်သေစာ သောက်စားပြီး မောင်းနှင်တာ၊ စက်လှေပေါ်မှာ ဝိုင်းဖွဲ့ပြီး အရက်သေစာ သောက်စားတာ၊ ဖဲကစားတာနဲ့ သတ်မှတ်ပမာဏထက် အလွန်အကျွံ တင်ဆောင်တာစတဲ့ ပေါ့ဆမှုတွေကြောင့် တစ်နှစ်ထက်တစ်နှစ် ရေနစ်သေဆုံးသူ အရေအတွက် မြင့်တက်လာနေတာ ဖြစ်ပါတယ်။

 

ဒါ့အပြင် ရခိုင်ဒေသဟာ မြစ်ချောင်းအင်းအိုင် ပေါများတဲ့အတွက် ရေလမ်းကြောင်းကို အသုံးပြုပြီး ခရီးသွားလာရတာ၊ ငါးဖမ်းဝမ်းစာ ရှာဖွေရတာတွေကြောင့် စားဝတ်နေရေး အဆင်ပြေပေမဲ့လည်း တစ်ဖက်မှာ အသက်အန္တရာယ် ဆုံးရှုံးမှုတွေနဲ့ မကြာခဏ ရင်ဆိုင်ကြုံတွေ့နေရကြောင်း လူမှုကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ “ဖြူစင်ရင်ခွင်ဖောင်ဒေရှင်း” ဥက္ကဋ္ဌ ကိုခိုင်ဟိန်းထက်က CJ Platform ကို ပြောပါတယ်။

 

“ကျွန်တော်တို့ ဒေသမှာက မြစ်၊ ချောင်းတွေနဲ့ နီးစပ်တဲ့ ရပ်ရွာတွေက ကလေးငယ်တွေဟာ အမြဲတမ်းလိုလို ချောင်းထဲကို ရေဆင်းကူးကြတဲ့ ဓလေ့စရိုက်တွေ ရှိကြပါတယ်။ တချို့ကလေးတွေဆိုရင် ရေနဲ့ အမြဲတမ်း ထိတွေ့နေကြဖြစ်လို့ ရေကို မကြောက်ကြတော့ဘူး။ မိဘတွေဆိုရင်လည်း ကလေးတွေ ရေဆင်းကူးနေရင် သတိမထားဘဲ ပေါ့လျော့ပြီး လွှတ်ထားတဲ့ အခြေအနေတွေ ရှိနေပါတယ်။ ဒါကြောင့် အခုလိုမျိုး မိုးဦးကျကာလတွေမှာ မိဘတွေအနေနဲ့ ကိုယ့်ကလေးတွေကို ပိုပြီးတော့ ဂရုတစိုက်နဲ့ စောင့်ရှောက်သင့်ပါတယ်” လို့ သူက တိုက်တွန်းပြောဆိုပါတယ်။

 

ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်နေ့ကလည်း ရသေ့တောင်မြို့နယ်၊ ဖြူချောင်းကျေးရွာက အသက် ၁၅ 年အရွယ် ကလေးငယ်တစ်ဦးဟာ ဆည်ထဲမှာ သူငယ်ချင်းတွေနဲ့အတူ ရေဆင်းကူးနေစဉ် ရေနစ်သေဆုံးခဲ့ရတယ်လို့ အဆိုပါမိသားစုဝင်တွေဆီကနေ သိရပါတယ်။

 

ရခိုင်ပြည်နယ်အတွင်းမှာ ယခုနှစ် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလကစတင်ပြီး ယခုလ ဇွန်လ ၂၂ ရက်နေ့အထိ စုစုပေါင်း ရေနစ်သေဆုံးမှု ၁၃ မှုအထိ ဖြစ်ပွားခဲ့ပြီး၊ သေဆုံးသူဦးရေဟာ စုစုပေါင်း ၃၀ ဦးအထိ ရှိခဲ့ကြောင်း CJ Platform က ကောက်ယူရရှိထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။

 

နှစ်စဉ် ရခိုင်မှာ မိုးရာသီကာလ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားပြီး ရေစီးသန်တာ၊ မြေပြိုကျတာတွေအပြင်၊ မုန်တိုင်းဝင်ရောက်မှုတွေကြောင့်လည်း ဒေသခံပြည်သူတွေ ထိခိုက်သေဆုံးမှုတွေ ရှိလို့နေတာ ဖြစ်ပါတယ်။

 

ဓာတ်ပုံ – CJ

CJ 009