၃ ပတ်အတွင်း ရခိုင်မှာ ရေနစ်သေဆုံးသူ ၂၅ ဦးအထိ ရှိလာ

Author CJ Platform
Categories
Published on Jun 25, 2026

ရခိုင်ပြည်နယ်အတွင်းမှာ ဇွန်လ ၁ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ ၃ ပတ်တာကာလအတွင်း ရေနစ်သေဆုံးသူ ၂၅ ဦးအထိ ရှိလာနေကြောင်း ဒေသအခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

 

သေဆုံးသွားခဲ့သူတွေကတော့ ရသေ့တောင်မြို့နယ်က ၁၂ ဦး၊ ပုဏ္ဏားကျွန်းမြို့နယ်က ၃ ဦး၊ တောင်ကုတ်မြို့နယ်က ၄ ဦး၊ ကျောက်ဖြူမြို့နယ်က ၂ ဦး၊ မင်းပြားမြို့နယ်က ၁ ဦး၊ မြေပုံမြို့နယ်က ၁ ဦးနဲ့ ဘူးသီးတောင်မြို့နယ်က ၁ ဦးတို့ ဖြစ်ကြပါတယ်။

 

အဲဒီ ရေနစ်သေဆုံးသူတွေထဲမှာ အသက် ၁၈ နှစ်အောက် ကလေးငယ် ၈ ဦး၊ အမျိုးသား ၁၁ ဦးနဲ့ အမျိုးသမီး ၆ ဦးတို့ ပါဝင်နေတာ ဖြစ်ပါတယ်။

 

ရခိုင်ဒေသဟာ ရေလမ်းကြောင်းတွေကို အဓိကထားပြီး အသုံးပြုနေရတဲ့ ဒေသတစ်ခု ဖြစ်တာကြောင့် မိုးရာသီကာလ ရေကြီးရေလျှံမှုတွေအပြင်၊ လှေတိမ်းမှောက်မှု ဖြစ်ပွားတာတွေကြောင့် ဒေသခံတွေဟာ အသက်ဆုံးရှုံးနေကြရတယ်လို့ ရသေ့တောင်မြို့နယ် ဒေသခံတစ်ဦးက ပြောပါတယ်။

 

“ကျွန်တော်တို့ ဒေသမှာက မိုးရာသီဆိုရင် ကုန်းလမ်းတွေ တအားပျက်စီးတော့ ရေလမ်းကြောင်းကိုပဲ အဓိက အားထားရပါတယ်။ အဲဒီလို ရေလမ်းကြောင်း အသုံးပြုတဲ့အခါမှာလည်း အသက်ကယ်ဝတ်စုံတွေ မပါဝင်တာကြောင့် အသက်ဆုံးရှုံးရတာတွေက ပိုပြီးတော့ များပြားလာနေတယ်” လို့ သူက ဆိုပါတယ်။

 

ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်နေ့ကလည်း ရသေ့တောင်မြို့နယ်ကနေ ကျောက်တော်မြို့သို့ ကုန်ပစ္စည်းတွေ သွားရောက်ဝယ်ယူတဲ့ လှေတစ်စီးဟာ ပုဏ္ဏားကျွန်းမြို့၊ ဦးရာဇ်မင်္ဂလာကြိုးတံတားကို ဝင်ရောက်တိုက်မိခဲ့တာကြောင့် နစ်မြုပ်ခဲ့ရပြီး၊ ဒေသခံ ပြည်သူ ၁၁ ဦးအထိ သေဆုံးခဲ့ရတဲ့ ဖြစ်စဉ် ရှိခဲ့ပါတယ်။

 

“ရခိုင်က မိုးရာသီတွေမှာ ရေလမ်းကြောင်း အသုံးပြုရင်တော့ တော်တော်လေး သတိထားရမှာပါ။ တောတောင်၊ ချောင်းမြောင်းတွေ ပေါများတာကြောင့် မိုးရာသီဆိုရင် ရေစီးကြမ်းတာ၊ မြေပြိုကျတာတွေ နှစ်စဉ် ကြုံတွေ့နေရပါတယ်” လို့ မြောက်ဦးမြို့နယ် ဒေသခံတစ်ဦးက ပြောပါတယ်။

 

ဒါ့အပြင် ခရီးသွားပြည်သူတွေအနေနဲ့လည်း ရေလမ်းကြောင်း အသုံးပြုတဲ့အခါ မိုးလေဝသ သတင်းတွေကို ဂရုစိုက်နားစွန့်ကြဖို့၊ အသက်ကယ်ဝတ်စုံတွေ မဖြစ်မနေ ဝတ်ဆင်ကြဖို့နဲ့ တခြားသော ဆောင်ရန်၊ ရှောင်ရန် အချက်အလက်တွေကို အာရက္ခတပ်တော် (AA) က တရားဝင် ထုတ်ပြန်နှိုးဆော်ထားပါတယ်။

 

ဓာတ်ပုံ – ဖြူစင်ရင်ခွင် ဖောင်ဒေးရှင်း

CJ 008