ခွေးငယ်လေးတွေ အနွေးဓာတ်ရအောင် ဖိုပေးထားတဲ့ မီးဖိုကနေ မီးကူးစက်လောင်ကျွမ်းရာမှ အသက် ၇၁ နှစ်အရွယ် အဘိုးအိုတစ်ဦး သေဆုံး

Author CJ Platform
Categories
Published on Jun 25, 2026

မွေးမြူထားတဲ့ ခွေးငယ်လေး ၂ ကောင် အနွေးဓာတ်ရရှိစေဖို့ မီးဖိုမီး မွှေးပေးရာကနေတစ်ဆင့် အသက် ၇၁ နှစ်အရွယ် အဘိုးအိုတစ်ဦး မီးလောင်သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်တစ်ခု ဇွန်လ ၂၄ ရက်နေ့ ည ၁၀ နာရီခွဲဝန်းကျင်က ဧရာဝတီတိုင်း၊ မြန်အောင်မြို့မှာ ဖြစ်ပွားခဲ့ပါတယ်။

 

မနေ့ည ၁၀ နာရီခွဲအချိန်က မြန်အောင်မြို့၊ ဆင်သေအုပ်စု၊ ကံကလေးကျေးရွာအနီးရှိ ရေနံတောင် သစ်တောကြိုးဝိုင်းအတွင်းမှာ တောင်ယာလုပ်ကိုင်နေတဲ့ အသက် ၇၁ နှစ်အရွယ် ဦးစန်းငွေဟာ သူ မွေးမြူထားတဲ့ ခွေး ၂ ကောင် အနွေးဓာတ်ရရှိစေဖို့ မီးဖိုမီး မွှေးပေးထားပြီး အိပ်ပျော်သွားရာကနေ မီးလောင်သေဆုံးခဲ့ရတာ ဖြစ်တယ်လို့ ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“မအိပ်ခင် သူ မွေးထားတဲ့ ခွေးလေး ၂ ကောင် အနွေးဓာတ်ရအောင်ဆိုပြီး မီးဖိုပေးထားတာ။ မီးဖိုမီးက သစ်ကိုင်းခြောက်တွေကနေတစ်ဆင့် သူ နေထိုင်တဲ့တဲကို မီးကူးစက်ပြီး လောင်ကျွမ်းတာ။ အသက်ကြီးနေတော့ အပြင်ကို မပြေးနိုင်ဘူး ထင်ပါတယ်။ သူ့တဲမှာတင် မီးလောင်ဒဏ်ရာတွေနဲ့ သေဆုံးသွားရှာတယ်” လို့ သူက ပြောပြပါတယ်။

 

အဲဒီ မီးလောင်မှုကို ဒေသခံပြည်သူတွေက မြင်တွေ့ခဲ့ပြီး ကျေးရွာရာအိမ်မှူးရုံးကို အကြောင်းကြားခဲ့ရာ၊ ကျေးရွာရာအိမ်မှူးကတစ်ဆင့် စစ်အုပ်စုလက်အောက်ခံ ရဲစခန်းဆီကို ဆက်လက်အကြောင်းကြားခဲ့တာ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

 

“ထင်းခြောက်တွေ ထားရှိတဲ့ တဲအိမ်လေး လောင်ကျွမ်းတာဆိုတော့ ပစ္စည်းဆုံးရှုံးမှုကတော့ သောင်းဂဏန်းလောက်ပဲ ရှိပါတယ်။ ဒါပေမဲ့ အခုလို မိုးဦးကျကာလမှာ သက်ကြီးရွယ်အိုတွေအနေနဲ့ တောင်ယာထဲမှာ ညဘက်တစ်ယောက်တည်း မအိပ်သင့်ဘူးဗျ။ မြွေအန္တရာယ်တွေလည်း ရှိနိုင်တယ်” လို့ မီးသတ်ဦးစီးဌာနနဲ့ နီးစပ်သူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

လက်ရှိမှာတော့ သေဆုံးသူရဲ့ ရုပ်အလောင်းကို အင်ပင်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားရှိပြီး၊ သေဆုံးသွားသူ ဦးစန်းငွေကို စစ်အုပ်စုလက်အောက်ခံ ရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၂၈၅ (မီးပေါ့ဆမှု) နဲ့ အမှုဖွင့်လှစ်ထားတယ်လို့ သူက ရှင်းပြပါတယ်။

 

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၅ ရက်နေ့ ည ၁၁ နာရီဝန်းကျင်ကလည်း မြန်အောင်မြို့နယ်၊ နတ်ပီတိကျေးရွာမှာ ဝါယာရှော့ခ်ဖြစ်ရာကနေတစ်ဆင့် နေအိမ်တစ်လုံး မီးလောင်ကျွမ်းခဲ့တဲ့ ဖြစ်စဉ်မျိုးလည်း ရှိခဲ့ဖူးပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်