စစ်ကိုင်းမှာ  အုပ်ချုပ်ရေးမှူးရွေးပွဲ မလာပါက အရေးယူမည်ဟု ခြိမ်းခြောက်ဆင့်ခေါ်နေ

Author CJ Platform
Categories
Published on Jun 25, 2026

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်ရှိ ရပ်ကွက်တွေမှာ စစ်အုပ်စုလက်အောက်ခံ အုပ်ချုပ်ရေးမှူးအသစ်တွေ ရွေးချယ်နိုင်ရေးအတွက် လုပ်ဆောင်နေပြီး ရွေးချယ်ပွဲကို တစ်အိမ်လျှင် တစ်ဦးနှုန်း မပျက်မကွက် လာရောက်ဖို့နဲ့ ပျက်ကွက်ပါက ထိရောက်စွာ အရေးယူမယ်လို့ ရပ်ကွက်တွေအတွင်း လိုက်လံခြိမ်းခြောက်ဆင့်ခေါ်မှုတွေ ရှိနေတယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။

 

စစ်အုပ်စုက ထုတ်ပြန်ထားတဲ့ သတင်းအချက်အလက်တွေအရ စစ်ကိုင်းမြို့နယ်အတွင်းက ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးအသစ်တွေကို ဇွန်လ ၂၅ ရက်နေ့အပြီး ရွေးချယ်သွားဖို့ စစ်အုပ်စုဘက်က သတ်မှတ်ထားတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်နေ့ကတည်းက သက်ဆိုင်ရာ ရပ်ကွက်တွေနဲ့ ကျေးရွာတွေအလိုက် ကြီးကြပ်ရေးအဖွဲ့တွေကို ရွေးချယ်ပြီး အဆင့်ဆင့် လုပ်ဆောင်နေကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။

 

“မနေ့ညနေက ရပ်ကွက်ထဲမှာ လှည့်ပြီး ဒီနေ့မနက်ပိုင်းမှာ တစ်အိမ်တစ်ယောက် မပျက်မကွက် အိမ်ထောင်စုဇယားယူခဲ့ပြီး တကောင်းရပ် ဓမ္မာရုံကို လာခဲ့ရမယ်လို့ လိုက်အော်တယ်။ အရောက်မလာဘဲ ပျက်ကွက်ပါက အရေးယူမယ်လို့ အော်သွားတာ။ ရပ်ကွက်တော်တော်များများလည်း အခုလိုမျိုးပဲ လိုက်လံဆင့်ခေါ်နေတာ” လို့ တကောင်းရပ်ကွက်က ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်းတွေနဲ့ အာဏာမက်သူအချို့ဟာ ရပ်ကွက်အဆင့် ရာထူးပြန်လည်ရရှိရေးအတွက် ကြိုးပမ်းလုပ်ဆောင်နေကြတာ ဖြစ်ပြီး၊ ဇွန်လ တတိယအပတ်အတွင်းကတည်းက စစ်ကိုင်းမြို့ တကောင်းရပ်ကွက်မှာ ဝင်ရောက်အရွေးခံမယ့်သူ ၁၀ ဦးအထိ ရှိနေတယ်လို့ သိရပါတယ်။

 

အထူးသဖြင့် စစ်ကိုင်းမြို့ပေါ်ရှိ မင်းလမ်းရပ်ကွက်၊ ပန်းဘဲတန်းရပ်ကွက်၊ ဇေယျာကွက်သစ်ရပ်ကွက်၊ ပါရမီရပ်ကွက်၊ ပိုးတန်းရပ်ကွက်၊ တကောင်းရပ်ကွက်နဲ့ စိန်ကုန်းရပ်ကွက်တွေက အုပ်ချုပ်ရေးမှူးဟောင်းတွေဟာ ပြီးခဲ့တဲ့ ငလျင်ဘေးအန္တရာယ်ကြောင့် ထိခိုက်ခံစားခဲ့ရတဲ့ ပြည်သူတွေဆီကနေ ထောက်ပံ့ကြေးငွေတွေနဲ့ ဘိလပ်မြေ၊ အိမ်ဆောက်ပစ္စည်းစတဲ့ ထောက်ပံ့ရေးပစ္စည်းတွေကို ကာလပေါက်ဈေးထက် လျှော့ချကာ အာဏာပြပြီး အတင်းအဓမ္မ ဝယ်ယူဖြတ်တောက်ခဲ့ကြသူတွေ ဖြစ်တာကြောင့်၊ အဲဒီ အကျင့်ပျက်ခြစားသူတွေ ရာထူးပြန်လည်ရရှိလာမှာကို ပြည်သူတွေက စိုးရိမ်ပူပန်နေကြတာ ဖြစ်ပါတယ်။

 

စစ်အာဏာသိမ်း ၅ နှစ်ကျော်ကာလအတွင်း စစ်ကိုင်းတိုင်းအတွင်းရှိ ရပ်ကွက်နဲ့ ကျေးရွာပေါင်း ၂,၀၃၀ ကျော်ရှိတဲ့အနက် စစ်အုပ်စုက အုပ်ချုပ်ရေးမှူး ၁,၆00 ကျော်အထိ ခန့်အပ်နိုင်ခဲ့ပေမဲ့လည်း၊ အမှန်တကယ် အပြည့်အဝ တာဝန်ထမ်းဆောင်နေတဲ့ နေရာမှာ ၆၂၀ ကျော် (၃၀.၅၃ ရာခိုင်နှုန်း) သာ ရှိပြီး၊ ကျန်တဲ့ ၆၉.၄၇ ရာခိုင်နှုန်းမှာ တော်လှန်ရေးအဖွဲ့တွေရဲ့ စိုးမိုးမှုတွေကြောင့် လုံးဝမလုပ်ဆောင်နိုင်တော့ဘဲ ရှိနေတယ်လို့ CJ Platform က လက်ခံရရှိထားတဲ့ စစ်အုပ်စုရဲ့ ပေါက်ကြားလာတဲ့ စာရွက်စာတမ်း အချက်အလက်တွေအရ သိရပါတယ်။

 

အထူးသဖြင့် စစ်ကိုင်းခရိုင်အတွင်းရှိ စစ်ကိုင်းမြို့နယ်၊ မြင်းမူမြို့နယ်နဲ့ မြောင်မြို့နယ်တွေမှာ စာရင်းရှိ ရပ်ကွက်နဲ့ ကျေးရွာ ၁၉၄ နေရာ ရှိတဲ့အနက် ၇၂ နေရာမှာသာ စစ်အုပ်စုက အပြည့်အဝ တာဝန်ထမ်းဆောင်ခိုင်းနိုင်ပါတော့တယ်။

 

“စစ်ကိုင်းမြို့နယ်မှာဆိုရင် မြို့ပေါ်နဲ့ တချို့နေရာတွေလောက်ပဲ သူတို့လုပ်နိုင်တာ။ မြို့ပေါ်ရပ်ကွက်တွေနဲ့ သူတို့နဲ့ ပူးပေါင်းတဲ့ နေရာတချို့ပဲ သူတို့လည်ပတ်နိုင်တာပါ။ တော်တော်များများကတော့ တော်လှန်ရေးနယ်မြေတွေပါပဲ၊ သူတို့မလည်ပတ်နိုင်ဘူး” လို့ လက်ရှိမြေပြင်အခြေအနေကို စစ်ကိုင်းမြို့နယ်ဒေသခံ အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသမီးတစ်ဦးက CJ Platform ကို ပြောပြပါတယ်။

 

စစ်ကိုင်းတိုင်းဟာ စစ်အုပ်စုကို ခုခံတော်လှန်စစ် အပြင်းထန်ဆုံး ဆင်နွှဲနေတဲ့ ဒေသတစ်ခုဖြစ်ပြီး၊ တော်လှန်ရေးတပ်ဖွဲ့တွေက လွတ်မြောက်နယ်မြေတွေ ဖော်ဆောင်ကာ နယ်မြေအများစုကို စိုးမိုးထားတာကြောင့် စစ်အုပ်စုဟာ သူတို့ရဲ့ အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်နိုင်ရေးအတွက် မြို့ပေါ်ရပ်ကွက်အချို့မှာသာ အခုလို ပြည်သူတွေကို အတင်းအဓမ္မဆင့်ခေါ်ပြီး အုပ်ချုပ်ရေးမှူးတွေ ထပ်မံရွေးချယ်ခန့်အပ်ဖို့ ကြိုးပမ်းနေခြင်းဖြစ်တယ်လို့ ဒေသခံအချို့က သုံးသပ်မှတ်ချက်ပြု ပြောဆိုကြပါတယ်။

 

ဓာတ်ပုံ – ပေးပို့

 

 

Related News

Depend on news