ရန်ကုန်ရှိ ဘေးတွဲဆိုင်ကယ်တွေကို မှတ်ပုံတင်ပေးလို့မရဘူးလို့ စစ်အုပ်စုခန့် နယ်လုံဝန်ကြီး ပြော

Author CJ Platform
Categories
Published on Jun 23, 2026

ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ ဒေသန္တရလုပ် ဘေးတွဲဆိုင်ကယ် ရှစ်သောင်းကျော်ကို တရားဝင် မှတ်ပုံတင်ပေးလို့မရကြောင်း စစ်အုပ်စုခန့် နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်က ပြောပါတယ်။

 

ဒီနေ့ ပြုလုပ်တဲ့ စစ်အုပ်စုရဲ့ ရန်ကုန်တိုင်းလွှတ်တော် အစည်းအဝေးမှာ မရမ်းကုန်းမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမင်းသိန်းထွန်းက “လွန်ခဲ့တဲ့ ၈ နှစ်က ရန်ကုန်မြို့မှာ ပြေးဆွဲသွားလာနေတဲ့ ဘေးတွဲယာဉ်နဲ့ ယာဉ်မောင်းတွေကို တရားဝင်လိုင်စင် ထုတ်ပေးပြီး စနစ်တကျ သွားလာခွင့်ပြုဖို့ အစီအစဉ် ရှိ၊ မရှိ” မေးမြန်းခဲ့ရာမှာ ပြန်လည်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

 

“ရန်ကုန်တိုင်းအတွင်းမှာ ဘေးတွဲဆိုင်ကယ် ခန့်မှန်းအစီးရေ ၈၂,၃၅၄ စီးခန့်ရှိပြီး၊ တရားဝင် တင်သွင်းထားခြင်းမရှိတာကြောင့် မှတ်ပုံတင်ပေးလို့မရကြောင်း၊ ဒေသန္တရလုပ် ဘေးတွဲဆိုင်ကယ်တွေအစား တရားဝင် တင်သွင်းခွင့်ပြုထားတဲ့ သုံးဘီးဆိုင်ကယ်တွေ အစားထိုး တင်သွင်းလာရင်တော့ ယာဉ်လိုင်စင်နဲ့ ယာဉ်မောင်းလိုင်စင်တွေကို ကညန ဥပဒေနဲ့အညီ ခွင့်ပြုပေးသွားမှာဖြစ်တယ်” လို့ နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်က ပြောပါတယ်။

 

၂၀၂၆ ခုနှစ် ဧပြီလအထိ ရန်ကုန်တိုင်းအတွင်း မော်တော်ဆိုင်ကယ် ၁၁၈,၉၈၈ စီးနဲ့ သုံးဘီးတပ်ယာဉ်၊ သုံးဘီးဆိုင်ကယ် ၇,၂၆၀ စီးကို မှတ်ပုံတင်ပေးခဲ့ပြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ်အတွင်းကလွဲရင် တစ်နိုင်ငံလုံးမှာ မောင်းနှင်နိုင်တယ်လို့လည်း သူက ဆက်လက်ပြောဆိုပါတယ်။

 

မြောက်ဥက္ကလာပမြို့ခံတစ်ဦးက “စစ်အုပ်စုက ဘေးတွဲဆိုင်ကယ်တွေကို လိုင်စင်ထုတ်မပေးဘူး။ ဒါပေမဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ ပေါင်းပြီး ဝတ်စုံအင်္ကျီတွေ ရောင်းတယ်။ ဒါကလည်း ရပ်ကွက်အတွင်းပဲ ရတယ်။ တစ်ခါတစ်လေ ရပ်ကွက်ကျော်လို့ စစ်အုပ်စုနဲ့ ရဲကဖမ်းရင် ငွေသိန်းချီကုန်တယ်” လို့ ပြောပါတယ်။

 

ဘေးတွဲဆိုင်ကယ် မောင်းနှင်သူတွေဟာ ရပ်ကွက်အလိုက် မောင်းနှင်ခွင့်အင်္ကျီကို သုံးသောင်းခွဲကနေ လေးသောင်းအထိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေမှာ ဝယ်ယူကြရပြီး၊ ရပ်ကွက်ကျော်လို့ ဖမ်းဆီးခံရရင်တော့ တာဝန်မယူကြောင်း ဘေးတွဲမောင်းသူတစ်ဦးက ရှင်းပြပါတယ်။

 

ရန်ကုန်တိုင်းအတွင်းရှိ ဆင်ခြေဖုံးရပ်ကွက်တွေမှာ ဆိုက္ကားတွေရဲ့ နေရာမှာ အချိန်ကုန်သက်သာပြီး မြန်ဆန်တဲ့ ဘေးတွဲဆိုင်ကယ်တွေကို အစားထိုး အသုံးပြုလာကြတာ ဆယ်စုနှစ်နီးပါး ကြာမြင့်လာပြီ ဖြစ်ပါတယ်။

 

ဓာတ်ပုံ – CJ