မိုးတွင်းကာလ အလုပ်ရှားပါးမှုကြောင့် ကျန်ဖိုင်းရှိ မြန်မာစစ်ဘေးရှောင်တွေ စားဝတ်နေရေး ပိုမိုကျပ်တည်းလာ
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်၊ ကျန်ဖိုင်းမြို့မှာ ခိုလှုံနေကြရတဲ့ မြန်မာစစ်ဘေးရှောင်ပြည်သူတွေဟာ မိုးတွင်းကာလအတွင်း အလုပ်အကိုင် ရှားပါးမှုဒဏ်ကို ပြင်းပြင်းထန်ထန် ရင်ဆိုင်နေကြရပြီး၊ မိသားစု စားဝတ်နေရေးအတွက် ပိုမိုခက်ခဲကျပ်တည်းလာတယ်လို့ ဒေသခံ စစ်ဘေးရှောင်တွေဆီက သိရပါတယ်။
ကျန်ဖိုင်းမြို့ပေါ်ရှိ စစ်ဘေးရှောင် အလုပ်သမားတွေဟာ ပုံမှန်အားဖြင့် နေ့စားအလုပ်တွေကိုသာ အဓိက အမှီပြု လုပ်ကိုင်နေရတာဖြစ်ပြီး၊ တစ်ရက်ကို နေ့စားခ ရူပီး ၅၀၀ (၂၀,၀၀၀ ကျပ်) ဝန်းကျင်သာ ရရှိကြတယ်လို့ သိရပါတယ်။
မိုးတွင်းကာလ နောက်ဆက်တွဲ စိန်ခေါ်မှုတွေကြောင့် အပြင်လုပ်ငန်းခွင်တွေ ဆိုင်းငံ့ကုန်ပြီး တစ်ပတ်ကို နှစ်ရက်ခန့်သာ အလုပ်ရှိတော့တဲ့အတွက် အိမ်တွင်း စားဝတ်နေရေး အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။
“ဒီဘက်မှာက ပုံမှန်ဆိုရင်လည်း တစ်နေ့မှ ရူပီး ၅၀၀ ပဲ ရတာ။ အခု မိုးတွင်းကာလလည်း ရောက်လာရော အပြင်အလုပ်တွေက လုံးဝကို မရှိတော့သလောက် ရှားသွားပြီ။ အခုဆို တစ်ပတ်မှာ နှစ်ရက်လောက်ပဲ အလုပ်လုပ်ရတော့တယ်။ ရတဲ့ဝင်ငွေက မိသားစု စားဝတ်နေရေးအတွက် လုံးဝမလောက်ငဘူး။ နေ့တိုင်း ရုန်းကန်နေရတာ အတော်လေး ခက်ခဲပါတယ်” လို့ ကျန်ဖိုင်းမြို့မှာ ခိုလှုံနေထိုင်တဲ့ စစ်ဘေးရှောင် အလုပ်သမားတစ်ဦးက CJ Platform ကို ပြောပါတယ်။
လက်ရှိမှာ ဝင်ငွေနည်းပါးမှုနဲ့ အလုပ်အကိုင် ရှားပါးမှုဒဏ်တွေကြောင့် စစ်ဘေးရှောင် အိမ်ထောင်စုတွေရဲ့ ကလေးငယ်တွေ အာဟာရနဲ့ ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်တွေအတွက်ပါ ပူပန်နေကြရပြီး၊ တချို့ကတော့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းသစ်တွေ ရှာဖွေဖို့အတွက် မီဇိုရမ် မြို့တော် အိုက်ဇောလ်ဘက်ကို ပြောင်းရွှေ့ဖို့ ပြင်ဆင်မှုတွေ ရှိနေကြောင်းလည်း သိရပါတယ်။
မိုးရာသီကာလအတွင်း ကျန်ဖိုင်းမြို့ပေါ်ရှိ မြန်မာစစ်ဘေးရှောင် အသိုက်အဝန်းတွေမှာ စားနပ်ရိက္ခာနဲ့ အခြေခံလူသုံးကုန်ပစ္စည်းတွေ ကူညီပံ့ပိုးမှု ပိုမိုလိုအပ်နေတယ်လို့ စစ်ဘေးရှောင်အရေး ကူညီပေးနေသူတွေဆီက သိရပါတယ်။
တချို့စစ်ဘေးရှောင်တွေကတော့ စားဝတ်နေရေး ပြေလည်စေဖို့အတွက် မြန်မာပြည်ဘက်ခြမ်းက ဘိန်းစိုက်ခင်းတွေမှာ စရိတ်ငြိမ်းနဲ့ တစ်ရက်ကို ငွေကျပ် ၃၀,၀၀၀ နှုန်းနဲ့ ရာသီပြတ် သွားရောက်လုပ်ကိုင်နေကြတာမျိုးလည်း ရှိတယ်လို့ စစ်ဘေးရှောင်တွေက ပြောပြပါတယ်။
ဓာတ်ပုံ – CJ
CJ 004
