တောင်သာမှာ NUG လက်အောက်ခံတပ်တွေနဲ့ PLA တို့အကြား ဖမ်းဆီးမှုဖြစ်စဉ်တစ်ခုကြောင့် ဆက်လက်တင်းမာနေ
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်အတွင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံတပ်တွေနဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) တို့အကြား ဒေသခံတစ်ဦးကို ဖမ်းဆီးခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အပြန်အလှန် စွပ်စွဲချက်တွေ ထွက်ပေါ်ပြီးနောက်၊ PLA စခန်းတွေ ဝင်ရောက်စီးနင်းခံရမှုနဲ့ မိုင်းပေါက်ကွဲမှုတွေ ဖြစ်ပေါ်ခဲ့ပြီး နှစ်ဖက်တင်းမာမှုတွေ ဆက်လက်ရှိနေတယ်လို့ နှစ်ဖက် ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
ပဋိပက္ခဖြစ်စဉ်နဲ့ ပတ်သက်ပြီး NUG ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ရုံးချုပ်နဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ဌာနချုပ်တို့က ဇွန်လ ၂၂ ရက်နေ့နဲ့ ဒီကနေ့ ဇွန်လ ၂၃ ရက်နေ့တွေမှာ အသီးသီး သတင်းထုတ်ပြန်မှုတွေ ရှိခဲ့ပါတယ်။
မနေ့က ဇွန်လ ၂၂ ရက် ညပိုင်းမှာ PDF စစ်ရုံးချုပ်ဘက်က ထုတ်ပြန်ချက်အရ PLA တပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ မေလ ၂၆ ရက်နေ့က တောင်သာမြို့နယ်၊ ဝဲလောင်းရွာနေ ဒလန်မဟုတ်တဲ့ ကားသမား ပြည်သူတစ်ဦးဖြစ်သူ ဦးသန်း (အမည်လွှဲ) ကို နယ်မြေခံ ပကဖထံ အကြောင်းကြားခြင်းမရှိဘဲ ဖမ်းဆီးကာ ပစ္စည်းတွေနဲ့ ငွေသား ၁၀ သိန်းကို ယူဆောင်သွားခဲ့ကြောင်း၊ အဲဒီနောက် ဇွန်လ ၁၈ ရက်နေ့မှာ PLA က ဦးသန်းရဲ့ ဇနီးထံကနေ သိန်းနှစ်ထောင် (သန်း ၂,၀၀၀) မပေးရင် သတ်ပစ်မယ်လို့ ငွေညှစ်ခြိမ်းခြောက်ခဲ့တာကြောင့် တောင်သာမြို့နယ် ပကဖက လူကိုယ်တိုင်စာပို့ တောင်းဆိုခဲ့ပေမဲ့ PLA ဘက်က ငြင်းဆန်ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။
ဇွန်လ ၂၂ ရက်နေ့မှာ PLA က ဦးသန်းကို ပြန်လွှတ်ပေးခဲ့ပေမဲ့ သူ့ကို ရိုက်နှက်ထားတဲ့ ဒဏ်ရာတွေနဲ့ သတိလစ်လျက် လမ်းခုလတ်တစ်နေရာမှာ တွေ့ရှိခဲ့ရပြီး ပြည်သူပိုင်ပစ္စည်းတွေ ပြန်လည်အပ်နှံခြင်း မရှိသေးကြောင်း၊ သဘောတူညီချက်အရ PLA ဆုတ်ခွာသွားတဲ့ စခန်းတွေကို PDF ရဲဘော်တွေ ဝင်ရောက်စဉ် အိပ်ဆောင်တွေမှာ ရည်ရွယ်ချက်ရှိရှိ မိုင်းထောင်ထားခဲ့တာကြောင့် PDF ရဲဘော် ၄ ဦး မိုင်းထိမှန် ကျဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း PDF စစ်ရုံးချုပ်က ထုတ်ပြန်ထားပါတယ်။
PDF ရဲဘော် ၄ ဦး မိုင်းထိမှန် ကျဆုံးခဲ့ရမှုအပေါ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ဘက်က ပြောရေးဆိုခွင့်ရှိသူက “PDF ရဲဘော်များခင်ဗျာ… ကျွန်တော်တို့ တော်လှန်ရေးတပ်စခန်းတွေဟာ စခန်းလုံခြုံရေးအတွက် မိုင်းတွေရှိတာ သဘာဝပါ။ ပြောက်ကျားစခန်းတွေဟာ ရန်သူအကြိမ်ကြိမ် ဝင်ရောက်တာကြောင့် ပိုလို့တောင် ပြင်ဆင်ထားရပါတယ်။ အင်အားအများအပြားနဲ့ ဝင်ရောက်ရင် အရေးကြီးကန့်သတ်နေရာတွေ၊ အဆောက်အအုံတွေမှာ မိုင်းအန္တရာယ်ရှိနိုင်တယ်ဆိုတာ ရဲဘော်တို့ ခေါင်းဆောင်တွေလည်း အသိပါ” လို့ သူတို့ရဲ့ လူမှုကွန်ရက်ကနေတစ်ဆင့် အသိပေးထားပါတယ်။
ဒါ့အပြင် NUG တပ်တွေ အင်အားသုံး ဝင်ရောက်စီးနင်းမှုတွေကြောင့် ထိပ်တိုက်ပစ်ခတ်မှု မဖြစ်ပွားစေဖို့ အချိန်မီ ရှောင်တိမ်းခဲ့ရတာကြောင့် မိုင်းရှင်းလင်းရေး သေချာမလုပ်ဆောင်နိုင်ခဲ့ခြင်းဖြစ်ကြောင်းနဲ့ ထိခိုက်မှုတချို့ရှိတယ်လို့ သိရတဲ့အတွက် PLA ရဲဘော်တွေအနေနဲ့ အထူးဝမ်းနည်းရပါတယ်လို့ ဆိုထားပါတယ်။
NUG ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ရုံးချုပ်က သတင်းထုတ်ပြန်ပြီးနောက် ဒီကနေ့ ဇွန်လ ၂၃ ရက်နေ့မှာ PLA ဌာနချုပ်ဘက်က PDF စစ်ရုံးချုပ်ရဲ့ ထုတ်ပြန်ချက်တွေကို ငြင်းဆိုထားပြီး၊ အဖွဲ့အစည်းအနေနဲ့ ဖမ်းဆီးခဲ့သူမှာ အရပ်သားမဟုတ်ဘဲ ပျူစောထီးဖွဲ့စည်းဖို့ လျှို့ဝှက်ရောက်ရှိနေတဲ့ ရဲတပ်သား ချစ်ကိုဦး (ဖမ်းဆီးရမိပြီးနောက် ပကဖထံ လွှဲပြောင်းပေးအပ်ခဲ့သူ) ရဲ့ ထွက်ဆိုချက်အရ ပေါ်ပေါက်လာတဲ့ ဝဲလောင်စခန်းမှူးဆီ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ လှုပ်ရှားမှုတွေကို ပုံမှန်သတင်းပို့နေတဲ့ စစ်အုပ်စုသတင်းပေး (ဒလန်) တရားခံဖြစ်ကြောင်း တုံ့ပြန်ထုတ်ပြန်ထားပါတယ်။
ဖမ်းဆီးထားစဉ်အတွင်းမှာလည်း တရားခံရဲ့ ဇနီးဖြစ်သူက လွှတ်ပေးဖို့အတွက် သိန်း ၂၀၀ ကနေ သိန်း ၁,၀၀၀ အထိ အဆင့်ဆင့် လာရောက်ကမ်းလှမ်းခဲ့ပေမဲ့ PLA ဘက်က ငြင်းပယ်ခဲ့ပြီး မည်သည့်ငွေကြေးမျှ လက်ခံခြင်းမရှိကြောင်း၊ တောင်သာပကဖက ၃၆ နာရီအတွင်း လွှဲပြောင်းဖို့ ခြိမ်းခြောက်စာပို့လာပြီး ဇွန်လ ၂၁ ရက်နေ့ကစလို့ NUG မြင်းခြံခရိုင်ကွပ်ကဲရေးအဖွဲ့က အင်အား ၅၀၀ ခန့်နဲ့ PLA စခန်းတွေကို ဝိုင်းဝန်းပိတ်ဆို့ခဲ့ကြောင်း ဆိုထားပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်နေ့မှာ အဆိုပါတရားခံကို သတိပေးကာ မိသားစုထံ ပြန်လွှတ်ပေးခဲ့ပေမဲ့၊ NUG တပ်တွေက အင်အားသုံး စခန်းစီးနင်းခဲ့တာကြောင့် မိတ်ဖက်ချင်း ထိတွေ့တိုက်ပွဲ မဖြစ်လိုတာကြောင့် PLA ရဲဘော်တွေက ချက်ချင်းဆုတ်ခွာခဲ့ရကြောင်း၊ အဲဒီလိုစီးနင်းရာမှာလည်း PDF ဘက်က PLA ရဲဘော်တစ်ဦးရဲ့ အစ်မဖြစ်သူကို သေနတ်ထောက် ဖမ်းဆီးသွားကြောင်း PLA ဘက်က ပြန်လည်စွပ်စွဲထုတ်ပြန်ထားပါတယ်။
ယခုဖြစ်စဉ်နဲ့ ပတ်သက်ပြီး PLA ပြောရေးဆိုခွင့်ရှိသူ ကိုဝေယံဖြိုးမိုးက သူတို့ရဲ့ လူမှုကွန်ရက်မှာ ရုပ်သံမှတ်တမ်းတွေ ထပ်မံထွက်ပေါ်လာဦးမယ့်အကြောင်း၊ အမှန်အမှားကိစ္စတွေနဲ့ ရှေ့လျှောက် ဘယ်လိုဆက်လက်ဆောင်ရွက်ကြမလဲဆိုတာကို လုံခြုံတဲ့ ရပ်ဝန်းတစ်ခုမှာ ငြင်းခုန်ညှိနှိုင်းနိုင်ကြဖို့သာ လိုလားကြောင်း ရေးသားကာ တော်လှန်ရေးအင်အားစုချင်းအကြား ထိပ်တိုက်တွေ့ဆုံမှုထက် ညှိနှိုင်းအဖြေရှာလိုတဲ့ မူကိုသာ ဆက်လက်ကိုင်စွဲထားကြောင်း အသီးသီး ထုတ်ပြန်ထားကြပါတယ်။
ဓာတ်ပုံ – PLA
