ပါရမီဖြည့်ဖက် မဟုတ်တဲ့ ကျောထောက်နောက်ခံ
“တစ်ခါတစ်လေ ခက်ခဲလွန်းလို့ ငါသေလိုက်ရတော့မလားလို့တောင် တွေးဖူးတယ်”
ဆန်ကြိတ်မောင်းရှေ့ မကွေးနိုင်တော့တဲ့ ခြေတစ်ဖက်ကို ဆန့်တန်းကာ ထိုင်ချပြီး ဒေါ်ဌေး (အမည်လွှဲ)က မောလျစွာ ပြောလိုက်ပုံပါ။ သူမရဲ့ အသားအရေ ညိုညစ်သလို မျက်နှာကလဲ နွမ်းလျ အသက် (၆၃) နှစ်ဆိုတာထက် ပိုအိုစာနေပုံ။
ဒေါ်ဌေးဟာ အညာဒေသ တော်လှန်ရေးရဲ့ အဓိက ဗဟိုချက် ၃ ခု (စစ်ကိုင်း၊ မကွေး၊ မန္တလေး) ထဲက မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ် (ယောဒေသ) အတွင်းရှိ ပုံတောင်ပုံညာခြေရင်းက ရွာတစ်ရွာမှာ အခုလက်ရှိ မိသားစုဝင် ၆ ယောက်နဲ့အတူ နေထိုင်နေတာ ဖြစ်ပါတယ်။ သူ့ရဲ့ သားအငယ်ဆုံးကတော့ တော်လှန်ရေးတပ်ဖွဲ့တစ်ခုမှာ တာဝန်ထမ်းဆောင်နေတဲ့အပြင်၊ ခင်ပွန်းဖြစ်သူကလည်း ကျန်းမာရေးအခြေအနေအရ အိမ်ထောင်ကို မဦးစီးနိုင်တာကြောင့် အိမ်ရဲ့ စားဝတ်နေရေးကို ဒေါ်ဌေးကပဲ တာဝန်ယူ ဖြေရှင်းနေရသူ။
“အိမ်မှုကိစ္စကအစ ကိုယ်က အများဆုံးလုပ်နေရတယ်။ ခင်ပွန်းဖြစ်သူကလည်း အိမ်မှုကိစ္စတွေ မလုပ်တတ်တော့ ပိုပင်ပန်းရတာပေါ့။ သူကလည်း အသောက်အစားလေးက ရှိတော့ ကိုယ့်မှာ ငွေတိုငွေစလေးရှိရင်တော့ ဝယ်ပေးဖြစ်ပါတယ်။ ပင်ပန်းရပေမဲ့ ကောင်းတာတွေပဲ စိတ်ရှိသလောက် စားကြစမ်းဆိုပြီး သူတို့ကို ကျွေးပစ်ချင်တယ်” လို့ သူက ဆိုပါတယ်။
ဒေါ်ဌေးတို့ မိသားစုဟာ သူတစ်ပါး လယ်ယာမြေတွေမှာ အငှားလိုက်ပြီး အသက်မွေးနေရတာပါ။ တစ်ခါတစ်ရံ ပင်ပန်းလှတဲ့ လယ်ယာထွန်ယက် စိုက်ပျိုးရေးလုပ်ငန်းတွေကိုပါ သူကိုယ်တိုင် လုပ်ကိုင်ရလေ့ရှိပြီး၊ အိမ်ထောင်ဦးစီးဖြစ်သူ အမျိုးသားမှာလည်း ကျန်းမာရေးကြောင့် အလုပ်မလုပ်နိုင်တဲ့အတွက် အစစအရာရာ သူကသာ တာဝန်ယူ ဖြေရှင်းနေရ။
မသန်လှတဲ့ ခြေတစ်ဖက်ကြောင့် ကိုယ်တိုင်မထွန်ယက်နိုင် ထွန်စက်တွေငှါးရ၊ မြင့်တက်လာတဲ့ စျေးနှုန်း ကျဆင်းနေတဲ့ သီးနှံစျေးကွက်ကြောင့် ပြေလည်တယ်လို့ မရှိတဲ့ဘဝ။
“ဒီနှစ်တော့ မြေပဲကို သူများမြေမှာ အငှားစိုက်သေးတယ်။ သီးနှံထွက်လာရင် ပိုင်ရှင်တစ်ဝက်၊ ကိုယ်တစ်ဝက် မျှယူရတာပေါ့။ မနှစ်က စပါးစိုက်တာ ၅ တင်းပဲ ရတယ်။ အဆင်မပြေဘူးလေ” လို့သူ့ရဲ့ တောင်ယာလုပ်ငန်းခွင်အကြောင်း ပြောပြပါတယ်။
တောင်ယာအလုပ် အဆင်မပြေတာကြောင့် အစစအရာရာ ကုန်ဈေးနှုန်း မြင့်တက်လာတဲ့ အခြေအနေတွေကြား ဆန်၊ ဆီ၊ ဆား၊ ငပိကအစ ဝယ်ယူရတဲ့အတွက် ဒါတွေကို ဖြေရှင်းနိုင်ဖို့ အငှားလိုက်ရတဲ့အပြင်၊ ခြေထောက်ကို အဓိကအားပြုနင်းရတဲ့ ပင်ပန်းလှတဲ့ မုန့်ထောင်းရတဲ့ အလုပ်ကိုပါ မသန်စွမ်းတဲ့ ခြေထောက်နဲ့ လုပ်ကိုင်နေရသူ။
“ပေါင်းထိုးအငှားလိုက်တာ၊ ကောက်စိုက်အငှားလိုက်တာတွေ လုပ်တယ်။ တစ်မနက်ကို ၅,၀၀၀ ရတယ်လေ။ တစ်နေကုန် (အလုပ်ချိန် ၁၀ နာရီ) ဆိုရင်တော့ ၁၀,၀၀၀ ပေါ့။ မုန့်ထောင်းတာကတော့ မနက်ကို ၂ ပြည်ပြီးအောင် ထောင်းတယ်။ ၁ ပြည် ၂,၀၀၀ ရတယ်။ ၄ ပြည်ပြီးရင် ၈,၀၀၀ ရတယ်” လို့ ဒေါ်ဌေးက ပြောပါတယ်။
နေ့စားနှုန်း အလုပ်တွေကလည်း အမြဲတမ်းမရှိတဲ့အပြင်၊ အခုလက်ရှိ ဆန်တစ်ပြည်ကို ၃,၅၀၀ မှ ၄,၀၀၀ ကျပ်အထိ ဈေးတက်လာတာကြောင့် လက်ထဲပိုက်ဆံမရှိဘဲ ဆန်ပြတ်လပ်တာတွေ ကြုံရပြီး၊ ချေးငှားစားကြရတဲ့ အခါတွေလည်း ရှိတာကြောင့် ကုန်ဈေးနှုန်း မြင့်တက်လာမှုက ဒေါ်ဌေးရဲ့ ဘဝကို ပိုပြီး ဝန်ပိစေခဲ့ပါတယ်။
“ဆန်၊ ဆီ မရှိရင်တော့ မိဘအိမ်ကနေ လှည့် (ချေး) ပြီး ဖြေရှင်းရတယ်။ ဆား၊ ငပိ ပြတ်တဲ့အခါဆိုရင်တော့ မထည့်ဘဲ စားလိုက်တယ်။ လှည့် (ချေး) မနေတော့ဘူး” လို့ သူက ဆိုပါတယ်။
၂၀၂၃ ခုနှစ်၊ မေ ၆ ရက်နေ့မှာ စစ်အုပ်စုစစ်ကြောင်းက သူတို့ရွာကို စစ်ကြောင်းထိုး ဝင်ရောက်ကာ မီးရှို့ခဲ့တာကြောင့်၊ သူတို့ရဲ့ ချွေးနည်းစာနဲ့ တည်ဆောက်ခဲ့ရတဲ့ အိမ်အသစ်ကို ဆောက်ပြီး ၄ နှစ်အကြာမှာ ဆုံးရှုံးခဲ့ရတဲ့အပြင်၊ သူရင်းငှားလုပ်ကိုင်ရာက ရရှိထားတဲ့ ဆန်အတင်း ၃၀ ပါ ဆုံးရှုံးခဲ့ရပြီးနောက်ပိုင်း စားဝတ်နေရေးက ပိုပြီး ခက်ခဲလာခဲ့ပါတယ်။
“အိမ်ထောင်ခွဲပြီး ဆယ်စုနှစ်တစ်ခုကြာမှ အိမ်ကြီးဆောက်နိုင်တာ။ အဲဒီတုန်းက လယ်အဖက်လုပ်တာ ဆန်တွေအများကြီး ရခဲ့တာပေါ့။ မီးထဲအကုန်ပါသွားတော့ တအားခက်ခဲသွားတာ အခုထိပဲ။ အခုနောက်ပိုင်း မိုးလေဝသကလည်း မကောင်းတော့ တောင်သူမလုပ်တော့ဘူး။ သားသား (သားငယ်) ရှိရင်တော့ တောင်သူဆက်လုပ်နိုင်ပါတယ်။ အခုက ကိုယ်ကလည်း ခြေထောက်မသန်တော့ စက်နဲ့ထွန်ရရင် ကုန်ကျစရိတ်က သီးနှံရတာနဲ့က မကာမိလို့ မလုပ်တော့ဘူး” လို့ သူက ဆိုပါတယ်။
ဒါ ဒေါ်ဌေးတစ်ဦးတည်းကပဲ ခံစားကြုံတွေ့နေရတဲ့ အခြေအနေလားဆို မဟုတ်ခဲ့ပါဘူး။ စစ်မှုထမ်းဥပဒေ၊ ဖမ်းဆီးထိန်းသိမ်းမှုတွေနဲ့ နေရပ်စွန့်ခွာရွှေ့ပြောင်းရမှု (IDPs) တွေကြောင့် အိမ်ထောင်စုများ ပြိုကွဲပျက်စီးခဲ့ရပြီး၊ အမျိုးသမီးတွေ အိမ်ထောင်ဦးစီး ဖြစ်လာရတဲ့နှုန်းဟာ သိသိသာသာ မြင့်တက်လာနေခဲ့ပြီ ။ Myanmar Multi-Sectoral Needs Assessment (MSNA) စစ်တမ်းတွေအရ နိုင်ငံတစ်ဝန်း အိမ်ထောင်စုအားလုံးရဲ့ ၂၀ ရာခိုင်နှုန်းခန့် (၅ စုလျှင် ၁ စု) ကို အမျိုးသမီးတွေက အိမ်ထောင်ဦးစီးအဖြစ် ဦးဆောင်နေရတာ ဖြစ်ပါတယ်။
MIMU Gender Profile ကတော့ စစ်ဘေးရှောင် (IDP) စခန်းတွေနဲ့ ပဋိပက္ခဒေသတွေမှာ အိမ်ထောင်စုကို ဦးဆောင်ရတဲ့ အမျိုးသမီးနှုန်းထားဟာ ၂၀ ရာခိုင်နှုန်းထက်မက ပိုမိုမြင့်မားသွားတယ်လို့ ထောက်ပြထားပါတယ်။
ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ရဲ့ နောက်ဆုံးထုတ်ပြန်ချက်တွေအရတော့ မြန်မာနိုင်ငံမှာ ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အခြေခံမိသားစုအများအပြား စားနပ်ရိက္ခာမလုံခြုံမှုဒဏ်ကို ပြင်းထန်စွာ ခံစားနေကြရတယ်လို့ ဆိုပါတယ်။
“ခင်ပွန်းဖြစ်သူက အာဏာသိမ်းပြီး ကျန်းမာရေးမကောင်းတော့ဘူး။ မသေရုံတမယ် ကုထားရတာ။ အခုထိလည်း သောက်နေတော့ အလုပ်လည်းမလုပ်တော့ဘူးလေ။ ကျွန်မကပဲ တစ်အိမ်လုံးစာ ရုန်းကန်နေရတာ။ ယောကျာ်းဖြစ်သူကိုလည်း အရက်ဖိုးတောင်းရင် ပေးရသေးတာ” လို့ ရယ်မောပြီး ပြောလာသူက ဒေါ်မေဦး (အမည်လွှဲ)ပါ။
အသက် (၅၃)နှစ်အရွယ် ဒေါ်မေဦးရဲ့ ခင်ပွန်းဟာ အာဏာမသိမ်းခင်ကာလက ဝန်ထမ်းတစ်ယောက်ဖြစ်ပြီး၊ တစ်ဦးတည်းသော သားဖြစ်သူနဲ့အတူ မိသားစု ၃ ယောက် အဆင်ပြေပြေ နေထိုင်နိုင်ခဲ့ပေမဲ့ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း ခင်ပွန်းဖြစ်သူက CDM (အာဏာဖီဆန်ရေး လှုပ်ရှားမှု) ပြုလုပ်ခဲ့တဲ့အပြင်၊ သားဖြစ်သူကလည်း ၂၀၂၂ ခုနှစ်မှာ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တစ်ခုထဲကို ဝင်ရောက်သွားခဲ့တာကြောင့် မိသားစု စားဝတ်နေရေးကို တစ်ဦးတည်း ရုန်းကန်နေရသူပေါ့။
ဒေါ်မေဦးတို့ နေထိုင်တဲ့ ဒေသဟာ စစ်အုပ်စုကို အပြင်းထန်ဆုံး တုံ့ပြန်တိုက်ခိုက်နေတဲ့ စစ်ရေးပြင်းထန်နယ်မြေ။ မြိုင်၊ ရေစကြို၊ ပေါက်၊ ဂန့်ဂေါ၊ ထီးလင်း၊ ဆော စတဲ့ မကွေးတိုင်းအထက်ပိုင်း ဒေသတဝိုက်မှာ ဒေါ်မေဦးတို့နေတယ်။
ခန္ဓာကိုယ် တောင့်တောင့်၊ အသားအရေ ခပ်လတ်လတ်နဲ့ သဘောကောင်းသူ၊ စိတ်ညစ်ညူးတဲ့ ပုံစံမျိုးမရှိဘဲ ပြုံးရယ်နေတတ်သူတစ်ယောက်လို့ ဒေါ်မေဦးကို အများက မြင်ကြပေမယ့် ဘယ်သူမှ မမြင်နိုင်တဲ့ သူ့ရဲ့ အပူမီးတွေကလည်း ရှိနေခဲ့ပါတယ်။
“ကျွန်မသား တောထဲလိုက်သွားတော့ အားငယ်လိုက်တာ။ သူ့အဖေက နေမကောင်းလို့ မသွားပါနဲ့ တားတာမရဘူး။ နောက်ဆုံးတော့ ခွင့်ပြုပေးလိုက်ရတယ်။ အခုထိလည်း သူများသားသမီးတွေ မြို့ကို စီးပွားရှာသွားတာ မြင်လို့ ပြန်လာခဲ့ပါလို့ တစ်ခါမှ ပူပူညံညံ မပြောဖူးဘူး။ အပူကတော့ ကိုယ့်အပူကိုယ်သာ သိပေါ့” လို့ ဒေါ်မေဦးက ခြံအဝင်ဝကိုငေးရင်း ပြောပါတယ်။
အမျိုးသားဖြစ်သူက အိမ်ထောင်ဦးစီး တာဝန်ကို ဆက်လက်မယူနိုင်ချိန်မှာ မိသားစု စားဝတ်နေရေးနဲ့ ရပ်တည်ရေးအတွက်က သူမကလွဲ၍ အခြားမရှိ။
ရှေ့တန်းက သားဖြစ်သူ အိမ်ကို ခဏတာ ပြန်လာတဲ့ အခါမျိုး သားအတွက် မုန့်ဖိုးလေးပေးဖို့တောင် သူတစ်ပါးဆီ ချေးငှားပေးရ၊ သားပြန်သွားချိန် သူများလယ်မှာ ကောက်စိုက်၊ ပေါင်းထိုးနဲ့ အကြွေးပြန်ဆပ်နေရသူ ဒေါ်မေဦးပါ။
“သားသမီးဆိုတော့ ပြန်လာရင် မတောင်းပေမဲ့ ပေးချင်တာပေါ့။ လက်ထဲအမြဲတမ်း ငွေမကိုင်ထားနိုင်တော့ မရှိရင် သူများဆီက ချေးငှားပေးရတာ။ ပြီးမှ အငှားလိုက်ပြီး ပြန်ဆပ်ရတာပေါ့” လို့ သူမရဲ့ မိဘမေတ္တာကို ရင်ဖွင့်တယ်။
အိမ်ထောင်စုတစ်ခုရဲ့ တာဝန်ဟာ ဒေါ်မေဦးအပေါ် ကျရောက်ခဲ့ပေမယ့် သူမ မငြင်းခဲ့။ အငှါးမြေနဲ့ လုပ်ရတဲ့ လယ်ယာလုပ်ငန်းခွင်မှာလည်း ထွန်သူက သူမ၊ စိုက်ပျိုးသူလည်း သူမ၊ ပေါင်းမြက်သုတ်သင်သူလည်း သူမ၊ အဆင်မပြေလှတဲ့ ငွေကြေးအကျပ်အတည်းကြား လူငှါးဆိုတာလည်း သူမပါပဲ။
“ကိုယ့်ဘာသာကိုယ်ထွန်၊ ကိုယ့်ဘာသာစိုက်ရတာက များတယ်။ ငှားခ မတတ်နိုင်လို့ ငှားရတယ်ဆိုတာ ရှားပါတယ်။ နွားလည်း အပိုင်မရှိတော့ အစ်မအရင်းဆီက ငှားခိုင်းရတယ်။ ကောက်စိုက်ချိန်ကတော့ အစ်မက ကူပါတယ်။ သားကို အကူအညီတောင်းဖို့ကျတော့လည်း အမြဲမကူနိုင်ဘူးလေ သူကလည်း။ သူရှေ့မှာ အလုပ်လုပ်ရတာ စိတ်မဖြောင့်မှာစိုးလို့ တော်ရုံအခက်အခဲ မပြောပြဖြစ်တော့ဘူး” လို့ အားမလျှော့တဲ့ မျက်လုံးများနဲ့ ဒေါ်မေဦးဆိုသည်။
ကုန်ဈေးနှုန်း အဆမတန် မြင့်တက်မှုတွေကြောင့် ဒေါ်မေဦးလက်ထဲမှာ ငွေပိုငွေလျှံ ရှိမနေတဲ့ အခြေအနေတွေက များတာကြောင့် တစ်လလုံးမှာ ဟင်းကောင်းတစ်ခွက် စားရဖို့ကို အကြိမ်ကြိမ်အခါခါ စဉ်းစားနေရ။
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း ဆန်၊ ဆီ၊ ဆား၊ ကြက်သွန် စတဲ့ အခြေခံစားသောက်ကုန်ဈေးနှုန်းတွေဟာ ပျမ်းမျှအားဖြင့် ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းကျော်အထိ (၃ ဆခန့်) မြင့်တက်သွားခဲ့တာကြောင့် ကုန်ဈေးနှုန်းတွေက ဒေါ်မေဦးတို့ အာဟာရပြည့်ဝစွာ စားသုံးနိုင်မှုတွေကို လျော့နည်းစေခဲ့။
စစ်အုပ်စုရဲ့ ရက် ၁၀၀ စီမံကိန်း စစ်အုပ်ချုပ်ရေး ကြေညာခံရတဲ့ မြို့တွေထဲမှာ ထီးလင်းမြို့နယ် ပါဝင်တာကြောင့် စစ်အုပ်စုက ရိက္ခာဖြတ်တောက် ပိတ်ဆို့လိုက်ချိန်ဟာ သူတို့အတွက် ရေနစ်ရာ ဝါးကူထိုးပါပဲ။
“ကျွန်မသားက ခြေတစ်ဖက်က သိပ်မသန်တော့ အဖွဲ့ထဲလိုက်မယ်ဆိုတော့ တားကြည့်သေးတယ်။ သူကလည်း တအားထက်သန်နေတော့ တားမရဘူး။ နောက်ဆုံး သူတောထဲ လိုက်သွားတယ်။ တအားဝမ်းနည်းခဲ့တာပေါ့။ အခုတော့လည်း သူစိတ်ဖြောင့်ဖြောင့် လုပ်ပါစေဆိုပြီး ကိုယ်ပဲ ပိုရုန်းကန်နေလိုက်တော့တယ်” လို့ သားဖြစ်သူရဲ့ ယုံကြည်ချက်ကို မစွန့်စေချင်သူ ဒေါ်မေဦးက မျက်နှာကို တင်းတင်းထားရင် ပြောတယ်။
ဒီလို အခြေအနေတွေကို ဒေါ်ဌေးတို့ ဒေါ်မေဦးတို့ပဲ ရင်ဆိုင်နေရလားဆို မဟုတ်သေးပါဘူး။ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ရဲ့ သုတေသနတွေအရ အခုလို အကျပ်အတည်းကာလမှာ အမျိုးသမီးဦးဆောင်တဲ့ အိမ်ထောင်စုတွေဟာ အမျိုးသားဦးဆောင်တဲ့ အိမ်ထောင်စုတွေထက် ဆင်းရဲမွဲတေမှုဒဏ်ကို ပိုမိုခါးစည်းခံနေရတယ်လို့ ထောက်ပြထားပါတယ်။
ဘဝကို ဝက်စာကျွေးပြီး ဖြတ်သန်းနေရသူ မအင်ကြင်း (အမည်လွဲ)ဆိုတာက သူနာပြုဆရာမတစ်ဦးပါ။
“မိဘတွေက အသက်ကြီးလာကြပြီဆိုတော့ အိမ်တစ်ခုလုံး တာဝန်ကို တပ်ကထွက်ထွက်ချင်း တာဝန်ယူလိုက်ရတယ်။ ကျန်းမာရေး၊ စီးပွားရေး၊ အိမ်ထောင်တစ်ခုမှာ လိုအပ်ချက်အားလုံး ဖြည့်နိုင်ဖို့ ငွေရှာတဲ့အလုပ်ကို လုပ်ရတာပေါ့။ ဆေးဆရာမဆိုပေမဲ့ ထင်သလောက် အဆင်မပြေတော့ ဝက်မွေးမြူရေးပါ တွဲလုပ်ရတော့တာပါပဲ။ ဘဝကို ဝက်စာကျွေးရင်း ဖြတ်သန်းနေရမယ်လို့တော့ မတွေးဖူးဘူး” လို့ မအင်ကြင်းက ရယ်ကာမောကာဆိုပေမယ့် သူမ မျက်လုံးတွေမှာ ကြေကွဲဟန်အပြည့်။
အသက် ၃၀ အရွယ် မအင်ကြင်းဟာ အာဏာမသိမ်းခင်က ဆေးဘက်ဆိုင်ရာ (Medical field) မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဆေးဆရာမတစ်ဦး။ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်မှာတော့ စစ်အုပ်စုလက်အောက်မှာ တာဝန်မထမ်းဆောင်ချင်တာကြောင့် CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့သူ။ ၂၀၂၂ ခုနှစ်မှာတော့ တော်လှန်ရေးတပ်ရင်းတပ်ဖွဲ့တွေထဲအထိ ကိုယ်တိုင်ဝင်ရောက်ပြီး၊ ဆေးဘက်ဆိုင်ရာ တာဝန်ခံတစ်ဦးအဖြစ် ရဲဘော်တွေကို တက်တက်ကြွကြွ ဆေးကုသပေးခဲ့ဖူးတဲ့ တော်လှန်ရေးရဲဘော်တစ်ဦး။
တော်လှန်ရေးရဲဘော်တစ်ဦးနဲ့ အိမ်ထောင်ကျအပြီးမှာ မအင်ကြင်းဟာ မိသားစုရဲ့ တာဝန်ကို ပြောင်းလဲထမ်းဆောင်ဖို့ ရွေးချယ်ရတယ်။ သူမခင်ပွန်းကတော့ တပ်တွင်းမှာ ဆက်နေပြီး ယုံကြည်ရာအတွက် တာဝန်ထမ်းဆောင် သူမကတော့ ခင်ပွန်းသည်ရဲ့ ယုံကြည်မှုကို ပံ့ပိုးသူ။
“လူပင်ပန်းတာထက် စိတ်တွေပိုပြီး ပင်ပန်းရတယ်။ ကိုယ့်နယ်က သားပျောက်သွားတဲ့ မိခင်တွေ၊ ခင်ပွန်းပျောက်သွားတဲ့ ဇနီးသည်တွေ တွေ့ရမြင်ရကြားရရင် စိတ္တဇဖြစ်၊ အတွေးတွေလွန်ပြီး ငါ့အလှည့် ဘယ်တော့ရောက်လာမလဲဆိုတဲ့ စိတ်နဲ့ အိပ်မပျော်တဲ့ညတွေ အများကြီး ဖြစ်ခဲ့ဖူးတယ်။ သားသမီးယူဖို့တောင် ကြောက်နေတဲ့အထိပဲ” လို့ မအင်းကြင်းက မိသားစုတစ်ခု တည်ထောင်ဖို့ ဘယ်လောက်ခက်တယ်ဆိုတာကို ပြောတယ်။
တစ်ခါတစ်ရံ ပတ်ဝန်းကျင်က တခြားအမျိုးသမီးတွေက သူတို့ခင်ပွန်းနဲ့ အတူတူကြိုးစားရုန်းကန်နေကြတာကို မြင်ရတဲ့အခါ၊ ခင်ပွန်းဖြစ်သူရဲ့ လုံခြုံရေးကို စိတ်မပူမပင် အေးအေးချမ်းချမ်း ဖြတ်သန်းနေကြတာမြင်ရချိန်တွေ အားကျစိတ်တွေ ဝင်မိတယ်လို့ သူမက ရိုးသားစွာ ဝန်ခံပါတယ်။
“သူကတော့ သူစလုပ်ခဲ့တဲ့အလုပ်ကို ဆုံးအောင်လုပ်ချင်တယ်တဲ့လေ။ ဆိုတော့ ကိုယ်ကပဲ သူ့နေရာဝင်ယူပြီး ပံ့ပိုးပေးနေရုံကလွဲပြီး ရွေးချယ်စရာမရှိဘူးလေ” လို့ ထမ်းထားရတဲ့ ဝန်ဟာ မလေးသလို သူပြောတယ်။
အမျိုးသမီးလှုပ်ရှားမှု အဖွဲ့အစည်းတွေနဲ့ International Women’s Development Agency (IWDA) တို့ရဲ့ ထုတ်ပြန်ချက်တွေအရ စစ်အာဏာရှင်ဆန့်ကျင်ရေး အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) နဲ့ လမ်းပေါ်ထွက် ဆန္ဒပြမှုတွေ အပါအဝင် တော်လှန်ရေးလှုပ်ရှားမှုတစ်ခုလုံးရဲ့ ၆၀ ရာခိုင်နှုန်းကျော်မှာ အမျိုးသမီးတွေက ရှေ့တန်းကနေ ဦးဆောင်ပါဝင်ခဲ့ကြပါတယ်။
ဒေါ်ဌေး၊ဒေါ်မေဦးနဲ့ ဒေါ်အင်ကြင်းသာမက အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) – WLB ရဲ့ အစီရင်ခံစာအရ တော်လှန်ရေးနဲ့ စစ်ဘေးသင့်နယ်မြေတွေမှာ အမျိုးသမီးတွေ ၇၈ ရာခိုင်နှုန်းဟာ နေရပ်စွန့်ခွာရတာ၊ မိသားစုဝင်တွေနဲ့ ခွဲခွာရတာ ဒါမှမဟုတ် ဆုံးရှုံးရတာတွေကြောင့် နာကျင်ဝမ်းနည်းမှုနဲ့အတူ စိတ်ဓာတ်ကျဆင်းခြင်း (Depression) ဝေဒနာကို ခံစားနေရတယ်လို့ ဆိုပါတယ်။
“အမျိုးသမီးတွေကို တချို့က အထင်သေးကြတယ်။ သူတို့စကားသံနဲ့ အကြံဉာဏ်တွေကို အရေးမထားကြတာက များတယ်။ ဒီအချိန်မှာ ရှေ့မှာအလုပ်လုပ်နေတဲ့ ရဲဘော်တွေ မိသားစုစားဝတ်နေရေး စိတ်ပူနေရပြီး တာဝန်ကို ကျေပွန်အောင် မထမ်းဆောင်နိုင်ကြရင် တော်လှန်ရေးအပေါ် အများကြီး အကျိုးသက်ရောက်မှုရှိတယ်။ ရှေ့မှာ သေနတ်ကိုင်နေရတဲ့ ရဲဘော်တွေရဲ့ ကဏ္ဍကပဲ အရေးကြီးတာ မဟုတ်ဘူး။ နောက်ကွယ်ကနေ စားဝတ်နေရေးကို ရုန်းကန်ပြီး အိမ်ထောင်စုကို ထိန်းကျောင်းပေးနေရတဲ့ အမျိုးသမီးတွေရဲ့ ပံ့ပိုးပေးဆပ်မှုကလည်း အရေးပါတာပါပဲ”လို့ မအင်ကြင်းကတော့ ပါရမီဖြည့်ဖက် မဟုတ်တဲ့ မာကျောလှတဲ့ ကျောထောက်နောက်ခံများအကြောင်းကို ပြောပါတယ်။
