ဘုရားသုံးဆူမှာ ကျားဖြန့်လုပ်ငန်းတွေ တိုးချဲ့လာတာကြောင့် အိမ်၊ ခြံ၊ မြေဈေး ၁၀ ဆခန့် မြင့်တက်ပြီး အရောင်းအဝယ်ဖြစ်နေ
ကရင်ပြည်၊ ဘုရားသုံးဆူမြို့ဘက်မှာ တရုတ်ကျားဖြန့် (ငွေလိမ်) လုပ်ငန်းလုပ်သူတွေဟာ အခု ၂၀၂၆ ခုနှစ်ထဲမှာ လုပ်ငန်းတိုးချဲ့လုပ်ကိုင်တာတွေ များလာတာကြောင့် အိမ်၊ ခြံ၊ မြေ အရောင်းအဝယ်ဈေးနှုန်းတွေ ၁၀ ဆလောက် ဈေးမြင့်တက်လာပြီး ဝယ်ယူသူတွေ များပြားလာနေတယ်လို့ ဘုရားသုံးဆူမြို့ခံတွေက ပြောပါတယ်။
ထိုင်း၊ လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေမှာ တရုတ်ကျားဖြန့်လုပ်ငန်းတွေကို နှိမ်နင်းဖမ်းဆီးမှုတွေ မြင့်တက်လာနေချိန်မှာ တရုတ်ကျားဖြန့်လုပ်သူတွေဟာ ဘုရားသုံးဆူမြို့ဘက်က DKBA (ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်) ထိန်းချုပ်နယ်မြေဘက်ကို နေရာပြောင်းရွှေ့လုပ်ကိုင်သူ များပြားလာပြီးနောက် အိမ်၊ ခြံ၊ မြေဈေးတွေ တက်လာတာဖြစ်တယ်လို့ ဘုရားသုံးဆူမြို့ခံတစ်ဦးက အခုလို ပြောပါတယ်။
“ဘုရားသုံးဆူမှာ အရင်က ထိုင်းဘတ်ငွေ ၃ သိန်းလောက်ဆိုရင် အိမ်နဲ့ ခြံတစ်ကွက်ရတယ်။ အခု တရုတ်ကျားဖြန့်တွေ အဝယ်များလာတော့ ဒီဘက်နှစ်တွေမှာ ဘတ်သိန်း ၃၀ ကနေ သိန်း ၅၀ လောက်အထိ ၁၀ ဆလောက် မြေဈေးခြံဈေး တက်လာတယ်။ ဧကအများကြီးရှိတဲ့ ခြံမြေတွေ၊ တောင်ယာကုန်းမြေတွေတောင် ဘတ်သိန်းရာချီ ဈေးပေးဝယ်တာမျိုးအထိ ရှိနေတယ်” လို့ သုံးဆူမြို့ခံက ဆိုပါတယ်။
အခုလို အိမ်၊ ခြံ၊ မြေဈေးတွေ တက်လာနေတာနဲ့အတူ ခြံ၊ မြေ အရောင်းအဝယ်လုပ်ရာမှာနဲ့ ကျားဖြန့်လုပ်ငန်းလုပ်ဖို့ ရန်ပုံငွေအကောက်အစားအဖြစ် ဒေသအုပ်ချုပ်ရေးအဖွဲ့တွေကို အရောင်းအဝယ်ကိစ္စ အခွန်ပေးဆောင်ရမှုလည်း မြင့်တက်လာတယ်လို့ အိမ်၊ ခြံ၊ မြေ အရောင်းအဝယ်အကျိုးဆောင်လုပ်နေတဲ့ ပွဲစားတွေက ပြောပါတယ်။
“ဘုရားသုံးဆူမှာ ကျားဖြန့်တရုတ်တွေကို လုပ်ငန်းပေးလုပ်နေတာက စစ်အုပ်စုနဲ့ ပူးပေါင်းထားတဲ့ တပ်တွေပေါ့နော်။ သူတို့ကို လုပ်ငန်းခွန်၊ အလုပ်သမားခွန်၊ ဝင်ငွေခွန်၊ လုံခြုံရေးစရိတ်၊ ဆက်ကြေး၊ လိုင်းကြေးပေးရတယ်။ နောက်ထပ် ဒေသကိုစိုးမိုးထားတဲ့ အဖွဲ့ ဘက်ကိုကျတော့ မြေရောင်း၊ ခြံရောင်း၊ မြေငှား၊ ခြံငှားတာကို နယ်မြေတာဝန်ခံတွေကို အခွန်သွင်းရတယ်။ ဥပမာ မြေတစ်ကွက် ဘတ် ၁၀ သိန်းနဲ့ ရောင်းရင် ရောင်းသူဝယ်သူ နှစ်ဘက်ညှိပြီး ၁၅ ရာခိုင်နှုန်း၊ ဘတ်တစ်သိန်းခွဲ ဒေသအုပ်ချုပ်ရေးကို ပေးရတယ်” လို့ သူက ရှင်းပြပါတယ်။
အခုလို တရုတ်ကျားဖြန့်လုပ်ငန်းတွေ တိုးချဲ့လုပ်ကိုင်နေမှုဟာ ဘုရားသုံးဆူမြို့ဘက်တင်မကတော့ဘဲ ကြာအင်းဆိပ်ကြီးမြို့ဘက် သွားရာလမ်းပိုင်းက ကရင်ကျေးရွာတွေဘက်အထိ လုပ်ငန်းတိုးချဲ့မှု ရှိလာနေတယ်လို့ နယ်မြေအခြေအနေသိတဲ့ ကြာအင်းဆိပ်ကြီးဒေသခံ ခရီးသည်တင်ကားမောင်းသူတစ်ဦးက ပြောပါတယ်။
“ကျားဖြန့်တရုတ်တွေက ဘုရားသုံးဆူ၊ မက္ကသာနဲ့ ကြိမ်ချောင်းဘက်တင် မကတော့ဘူး။ အခုက ကြာအင်းဆိပ်ကြီးလမ်းပေါ်က ဂျပန်အိမ်ရာရှိတဲ့ ရွာဘက်အထိပါ တရုတ်ကျားဖြန့်ဆိုဒ်တွေ ရောက်လာနေပြီ။ တရုတ်ဈေးဆိုင်၊ စားသောက်ဆိုင်တွေ၊ ပင်လယ်စာအကင်ဆိုင်၊ မာလာရှမ်းကောဆိုင်တွေပါ ဖွင့်ကုန်ပြီ” လို့ သူက ဆိုပါတယ်။
အခုလို ဘုရားသုံးဆူဒေသဘက်ကို တရုတ်ကျားဖြန့် ငွေလိမ်လုပ်ငန်းတွေ တိုးချဲ့လာနေတဲ့အပေါ် ဒေသဆိုင်ရာ ကရင်လက်နက်ကိုင်အဖွဲ့ အကြီးအကဲတွေကို အခြေအနေသိရဖို့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာမျိုး မရှိသေးပါဘူး။
လတ်တလောမှာတော့ ဘုရားသုံးဆူမြို့ဘက်မှာ တရုတ်ကျားဖြန့်လုပ်ငန်းတွေ တိုးချဲ့ပေါများလာနေတာကြောင့် ဘုရားသုံးဆူဒေသခံတွေအနေနဲ့ တရုတ်လုပ်ငန်းနဲ့ ဈေးဆိုင်တွေအပြင် ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ အလုပ်အကိုင်တွေရရှိပြီး ဝင်ငွေကောင်းနေပေမဲ့ နေထိုင်စားသောက်စရိတ် ဈေးနှုန်းတွေ ကြီးမြင့်တာကြောင့် ဝင်ငွေနဲ့ အသုံးစရိတ်ကို ခြွေတာသုံးစွဲနေရတယ်လို့ ဘုရားသုံးဆူဒေသခံတွေက ပြောပါတယ်။
