လှိုင်မြို့နယ်မှာ နေအိမ်နှစ်လုံးကို ဖောက်ထွင်းပြီး အမျိုးသမီးငယ်တစ်ဦးကို အဓမ္မကျင့် သတ်ဖြတ်ခဲ့သူကို ဖမ်းမိ

Author CJ Platform
Categories
Published on Jun 20, 2026

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ ၁၂ ရပ်ကွက်မှာ ဇွန် ၁၉ ရက်နေ့ မနက် ၁ နာရီခန့်က နေအိမ် ၂ လုံးကို ဖောက်ထွင်းပြီး အမျိုးသမီးငယ်တစ်ဦးကို အဓမ္မကျင့် သတ်ဖြတ်ခဲ့သူ ဆိုသူကို ဒီကနေ့မှာ ဖမ်းဆီးရမိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

 

မနေ့မနက် ၁ နာရီက ၁၂ ရပ်ကွက်ရှိ နေအိမ်တစ်အိမ်ကို သူခိုးက ကနဦး ဖောက်ထွင်းခဲ့ပြီးနောက်၊ နှစ်အိမ်ကျော်က အိမ်ကို ထပ်မံဖောက်ထွင်းရာမှာ အိပ်ပျော်နေတဲ့ အမျိုးသမီးငယ်ကို တွေ့ရှိပြီး အဓမ္မကျင့်ကာ လည်ပင်းကို ဓားနဲ့ လှီးဖြတ်သတ်ဖြတ်ခဲ့တာ ဖြစ်တယ်လို့ ဖြစ်စဉ်သိရှိသူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“သူခိုးက ပထမအိမ်ဖောက်တာ iPhone 15 နဲ့ ပိုက်ဆံ နှစ်သိန်းရတယ်။ အဲဒီအိမ်ဖောက်ပြီး နှစ်အိမ်ကျော်ကို သူခိုးက ထပ်ဝင်တော့ အပေါ်ထပ်မှာ အိပ်ပျော်နေတဲ့ ကောင်မလေးကို တွေ့တယ်။ ကောင်မလေးကို တွေ့တော့ မုဒိမ်းကျင့်ရော။ မုဒိမ်းကျင့်ရင်း ကောင်မလေးက နိုးလာတော့ ပါးစပ်ပိတ်ပြီး လည်ပင်းကို ခေါက်ဓားနဲ့ လှီးသတ်သွားတယ်” လို့ သူက ပြောပါတယ်။

 

ဇွန်လ ၂၀ ရက်နေ့ မနက်ပိုင်းမှာ ပြစ်မှုကျူးလွန်သူလို့ စွပ်စွဲခံရသူ ကိုအောင်ကျော်စိုး (ခ) အင်ဂျင်ဝိုင်ကို တွံတေးမြို့နယ်၊ သရက်နှစ်ပင်ကျေးရွာမှာ ဖမ်းဆီးရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်က CJ Platform ကို ပြောပါတယ်။

 

“သူခိုးက iPhone 15 ကို ပြန်ရောင်းပြီး ရွာမှာ အရက်သောက်နေတဲ့အချိန် ဖမ်းမိတာ။ စစ်မေးတော့ ကောင်မလေးကို မုဒိမ်းကျင့်ရင်း ခေါက်ဓားနဲ့ လည်ပင်းကို လှီးသတ်လိုက်ကြောင်း ဝန်ခံထားတယ်။ ရောင်းထားတဲ့ iPhone လည်း ပြန်သိမ်းဆည်းမိပြီး လှိုင်ရဲစခန်းမှာ ချုပ်နှောင်ထားတယ်” လို့ ရှင်းပြပါတယ်။

 

လက်ရှိမှာ ပြစ်မှုကျူးလွန်သူလို့ စွပ်စွဲခံရသူ ကိုအောင်ကျော်စိုး (ခ) အင်ဂျင်ဝိုင်ကို လှိုင်မြို့မရဲစခန်းကနေ (ပ) ၁၅၁/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၇၆ တို့နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

 

ပြီးခဲ့တဲ့ မေလ ၂၈ ရက်နေ့ ညနေ ၆ နာရီခွဲကလည်း အင်းစိန်မြို့နယ်၊ ကြို့ကုန်းအနောက်ရပ်ကွက်မှာရှိတဲ့ အသက် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦးကို အသက် ၃၉ နှစ်အရွယ် အမျိုးသားတစ်ဦးက အဓမ္မကျင့် သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်

 

Related News

Depend on news