မွန်ပြည်မှာ လောင်းကစားဝိုင်းတွေ တားဆီးပိတ်ပင်ပေးရေးအဆိုကို လိုင်းကြေးယူထားတဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေက တင်သွင်းတာလို့ ဒေသခံတွေဆို

Author CJ Platform
Categories
Published on Jun 20, 2026

မွန်ပြည်မှာ လောင်းကစားဝိုင်းတွေ တားဆီးပိတ်ပင်ပေးရေးအဆိုကို ဇွန်လ ၁၉ ရက်နေ့က စစ်အုပ်စုရဲ့ ပြည်နယ်လွှတ်တော်က အတည်ပြုလိုက်ပေမယ့် အဆိုတင်သွင်းတဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေဟာ အဲဒီ လောင်းကစားဝိုင်းတွေဆီက လိုင်းကြေးယူထားတယ်လို့ မြို့ခံတွေဆိုပါတယ်။

 

ဇွန်လ ၁၆ ရက်နေ့က စစ်အုပ်စုရဲ့ တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးမှာ ကျိုက်မရောမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇော်က တင်သွင်းခဲ့တာဖြစ်ပြီး၊ ဇွန်လ ၁၉ ရက်နေ့မှာ လွှတ်တော်က အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

 

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇော်က “လောင်းကစားမှု တားမြစ်ရေး ဥပဒေပြဋ္ဌာန်းထားသော်လည်း ပြည်နယ်အတွင်း မြို့နယ်အသီးသီးရှိ ရပ်ကွက်နဲ့ ကျေးရွာတွေမှာ လောင်းကစားဝိုင်းတွေကို ပြုလုပ်နေတာဟာ တရားဥပဒေစိုးမိုးရေး၊ နယ်မြေအေးချမ်းသာယာရေးကို စိန်ခေါ်နေသလို ပြည်သူ့ဘဝ လုံခြုံရေးကို များစွာ ခြိမ်းခြောက်နေတယ်” လို့ ပြောဆိုတင်ပြခဲ့တာ ဖြစ်ပါတယ်။

 

ကျိုက်မရောဒေသခံတစ်ဦးက “လောင်းကစားဝိုင်းတွေဆီက လွှတ်တော်ကိုယ်စားလှယ်တွေက လိုင်းကြေးယူပြီး ဖမ်းဖို့ တင်ပြတာမျိုးကျတော့ ကျွေးတဲ့လက်ကို ပြန်ကိုက်သလို ဖြစ်နေတယ်။ ဖမ်းမယ်ဆို လိုင်းကြေးယူတဲ့ကောင်ပါ ဖော်ထုတ်ပြီးဖမ်း” လို့ ဝေဖန်ပြောဆိုပါတယ်။

 

လောင်းကစားဝိုင်းတွေကို တားဆီးအရေးယူရန် ဆောင်ရွက်လျက်ရှိပြီး၊ မွန်ပြည်နယ် ၁၀ မြို့နယ်နဲ့ ပတ်သက်တဲ့ အဆိုဖြစ်တဲ့အတွက် မြို့နယ်အားလုံး လုံခြုံရေးအခြေအနေ ကောင်းလာပါက ပိုမိုဆောင်ရွက်သွားမယ်လို့ စစ်အုပ်စုရဲ့ မွန်ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးတင်ဇော်ထွန်းက ပြန်လည်ဖြေဆိုခဲ့ပါတယ်။

 

ကျိုက်မရောမြို့နယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇော် တင်သွင်းတဲ့အဆိုကို ဇွန်လ ၁၉ ရက်နေ့မှာ မွန်ပြည်နယ်လွှတ်တော်က အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်