တီးတိန်ရှိ မံဆောင်းတံတား ဖျက်ဆီးခံရမှုကြောင့် ဒေသခံတွေရဲ့ လူမှုဘဝနဲ့ နယ်စပ်ကုန်သွယ်ရေး ရပ်တန့်လုနီးပါးဖြစ်

Author CJ Platform
Categories
Published on Jun 18, 2026

ချင်းပြည်၊ တီးတိန်မြို့နယ်အတွင်း အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေးရဲ့ အဓိကသွေးကြောဖြစ်တဲ့ မဏိပူရမြစ်ကူး မံဆောင်းတံတား ဖျက်ဆီးခံရမှုကြောင့် လူမှုဘဝနဲ့ နယ်စပ်ကုန်သွယ်ရေး ရပ်တန့်လုနီးပါး ဖြစ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

အိန္ဒိယ-မြန်မာနယ်စပ်ဘက်ကို စစ်အုပ်စုစစ်ကြောင်း ထိုးစစ်ဆင်နေတယ်ဆိုတဲ့ သတင်းတွေကြောင့် မံဆောင်းတံတားကို ပြီးခဲ့တဲ့ ဇွန်လ ၇ ရက် နံနက်ပိုင်းမှာ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုက မိုင်းခွဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားခဲ့တာ ဖြစ်ပါတယ်။

 

မံဆောင်းတံတားဟာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းရဲ့ ကျောရိုးဖြစ်တဲ့အတွက် အခုလို ဖျက်ဆီးခံရမှုဟာ ဒေသတွင်း ပို့ဆောင်ရေးကဏ္ဍကို လုံးဝနီးပါး ရပ်တန့်သွားစေခဲ့ပါတယ်။

 

“ဒီတံတားဟာ ကျွန်တော်တို့ ဒေသရဲ့ အဓိကသွေးကြောပါ။ တံတားပျက်သွားတဲ့အချိန်မှာ ကုန်စည်စီးဆင်းမှုလည်း ရပ်သွားနီးပါး ဖြစ်သွားတယ်။ ကုန်ပစ္စည်းတွေ မတင်ပို့နိုင်တော့တဲ့အတွက် ဈေးကွက်လည်း ပိတ်သလောက် ဖြစ်သွားပါပြီ” လို့ တီးတိန်ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

မိုင်းကြောင့် တံတားရဲ့ အောက်ခြေတိုင်တွေ ထိခိုက်ပျက်စီးသွားပြီး မော်တော်ယာဉ်တွေ ဖြတ်သန်းသွားလာနိုင်ခြင်း မရှိတော့တာကြောင့် ကုန်တင်ယာဉ်တွေ သွားလာမှု လုံးဝပြတ်တောက်သွားခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

 

အဲဒီလို အခြေအနေကြောင့် အိန္ဒိယနိုင်ငံဘက်က တင်သွင်းနေရတဲ့ အခြေခံစားသောက်ကုန်တွေနဲ့ လူသုံးကုန်ပစ္စည်းတွေ ဒေသတွင်းကို ဝင်ရောက်မှု အလွန်နည်းပါးသွားခဲ့ပြီး၊ ကုန်စည်ပြတ်လပ်မှုနဲ့အတူ ကုန်ဈေးနှုန်းတွေ စံချိန်တင် မြင့်တက်လာမယ့်အရေးကို ဒေသခံတွေက စိုးရိမ်နေကြတယ်လို့ သိရပါတယ်။

 

လက်ရှိမှာ မိုးရာသီကာလဖြစ်လို့ မဏိပူရမြစ်ရေဟာ ပြင်းထန်စွာ စီးဆင်းနေချိန် ဖြစ်ပါတယ်။

 

တံတားမှာ မော်တော်ယာဉ်တွေ ဖြတ်သန်းဖို့ မလုံခြုံတော့တာကြောင့် ဒေသခံပြည်သူတွေနဲ့ ကုန်သည်တွေဟာ ပျက်စီးလုနီးပါး ဖြစ်နေတဲ့ တံတားပေါ်မှာ အသက်ကို ပဓာနမထားဘဲ အခြေခံစားသောက်ကုန်တွေကို လူကိုယ်တိုင် ထမ်းပိုးကာ စွန့်စားဖြတ်သန်း သယ်ယူနေကြရတယ်လို့ သိရပါတယ်။

 

“အရင်က ကားတွေနဲ့ အလွယ်တကူ သယ်ယူနိုင်ခဲ့ပေမယ့်လည်း အခုအခါ ကုန်ပစ္စည်းတွေကို ပခုံးထမ်း လူအားနဲ့ ကမ်းတစ်ဖက်ကို သယ်ယူနေရတယ်။ လုပ်အားခနဲ့ အချိန်ကုန်ကျမှု များစွာရှိနေတဲ့အတွက် ကုန်ပစ္စည်းတွေရဲ့ ဈေးနှုန်းမှာလည်း အဆမတန် မြင့်တက်သွားတယ်” လို့ နောက်ထပ် တီးတိန်ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

မံဆောင်းတံတား ပျက်စီးမှုကြောင့် ဒေသခံတွေရဲ့ ကုန်သွယ်ရေးနဲ့ လူမှုရေးလုပ်ငန်းစဉ်တွေ ရပ်တန့်သွားရုံသာမက၊ အရေးပေါ်လူနာတွေ ဆေးရုံ၊ ဆေးခန်းကို အချိန်မီရောက်ရှိဖို့ အခက်အခဲ ကြီးမားစွာ ကြုံတွေ့နေရပါတယ်။

 

အဲဒီတံတားဟာ ဒေသတွင်း အသက်သွေးကြောဖြစ်တာကြောင့် တံတားပျက်စီးမှုကြောင့် ကုန်စည်ကူးသန်းမှုနဲ့ နေ့စဉ်လူနေမှုဘဝတွေ အကြီးအကျယ် ထိခိုက်နေတာ ဖြစ်ပါတယ်။

 

“ဒီတံတား ပျက်သွားတဲ့အတွက် ကုန်သွယ်ရေးတင်မကဘူး၊ ဒေသခံတွေရဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ နေ့စဉ်လူမှုရေးကိစ္စတွေ အကုန်လုံး ရပ်တန့်သွားသလောက် ဖြစ်နေတာမို့ သက်ဆိုင်ရာက အမြန်ဆုံး ပြုပြင်ပေးစေချင်ပါတယ်” လို့ တီးတိန်ဒေသ ဓမ္မဆရာတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

NLD အစိုးရလက်ထက်က စတင်ခဲ့တဲ့ တံတားသစ်စီမံကိန်းဟာလည်း စစ်အာဏာသိမ်းမှုကြောင့် ရပ်ဆိုင်းသွားခဲ့ရပြီးနောက်၊ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေက ကိုယ်ထူကိုယ်ထ ယာယီတံတားအဖြစ် ပြုပြင်အသုံးပြုလာနိုင်တာ ဖြစ်ပါတယ်။

 

ဒါပေမဲ့ အခုလို ထပ်မံဖျက်ဆီးခံရမှုဟာ ပြည်သူတွေရဲ့ အခက်အခဲတွေကို ပိုမိုဆိုးရွားသွားစေခဲ့ပြီး ဒေသတွင်း တည်ငြိမ်မှုနဲ့ လူမှုဘဝ လုံခြုံရေးကိုပါ ကြီးမားစွာ ထိခိုက်စေပါတယ်။

 

ဓာတ်ပုံ – ပေးပို့