မြန်မာ့ဘာသာပြန်စာပေလောကရဲ့ သူရဲကောင်း ဆရာကြီးတင်မောင်မြင့် ကွယ်လွန်

Author CJ Platform
Categories
Published on Jun 18, 2026

မြန်မာ့ဘာသာပြန်စာပေလောကမှာ စာပေသူရဲကောင်းကြီးအဖြစ် တင်စားခြင်းခံရတဲ့ အမျိုးသားစာပေဆုရှင် စာရေးဆရာကြီး ဦးတင်မောင်မြင့်ဟာ ဒီကနေ့ ဇွန်လ ၁၈ ရက်နေ့မှာ ကွယ်လွန်အနိစ္စရောက်သွားကြောင်း စာပေအသိုင်းအဝိုင်းဆီက သိရပါတယ်။

 

ဆရာကြီးဟာ ဒီကနေ့ ဇွန်လ ၁၈ ရက်၊ ကြာသပတေးနေ့၊ မွန်းလွဲ ၁၂ နာရီ ၃၅ မိနစ်ခန့်မှာ ကွယ်လွန်ခဲ့တာဖြစ်ပြီး၊ ကွယ်လွန်ချိန်မှာ အသက် ၉၀ အရွယ် ရှိပြီဖြစ်ပါတယ်။

 

ဆရာကြီး တင်မောင်မြင့်ကို ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ စစ်ကျွန်းရွာမှာ အဖ ဦးမောင်ဒွေး၊ အမိ ဒေါ်ကျော့စိန်တို့က ၁၉၃၆ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့မှာ မွေးဖွားခဲ့တာဖြစ်ပြီး၊ ၁၉၅၈ ခုနှစ်မှာ တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။ ၁၉၆၁ ခုနှစ်မှာ ဘီအိုစီကုမ္ပဏီ (ယခု MOGE) မှာ အလုပ်ဝင်ရောက်ခဲ့ပြီး၊ ၁၉၉၄ ခုနှစ်မှာ ငွေစာရင်းအရာရှိအဖြစ်နဲ့ အငြိမ်းစားယူခဲ့ပါတယ်။

 

ဝန်ထမ်းဘဝနဲ့အတူ စာပေလုပ်ငန်းတွေကို တစိုက်မတ်မတ် လုပ်ကိုင်ခဲ့ရာ ၁၉၈၅ ခုနှစ်မှာ သည်းဦးပန်းမဂ္ဂဇင်း အယ်ဒီတာအဖွဲ့ဝင်၊ ၁၉၈၈ ခုနှစ်မှာ အထောက်တော်လှအောင်ရဲ့ သတင်းမဂ္ဂဇင်းမှာ ဒုတိယအယ်ဒီတာချုပ်အဖြစ် တာဝန်တွေ ထမ်းဆောင်ခဲ့ပါတယ်။

 

ဆရာကြီးဟာ ဘာသာပြန်စာပေအမျိုးအစားကို အထူးပြုရေးသားခဲ့ပြီး၊ သူ့ရဲ့ ပြောင်မြောက်လှတဲ့ ဘာသာပြန်လက်ရာတွေကြောင့် ၂၀၀၁ ခုနှစ်မှာ အမျိုးသားစာပေဆု (ဘာသာပြန် သုတ) ၊ ၂၀၀၄ ခုနှစ်၊ ၂၀၀၇ ခုနှစ်၊ ၂၀၁၁ ခုနှစ်နဲ့ ၂၀၁၂ ခုနှစ်တို့မှာ အမျိုးသားစာပေဆု (ဘာသာပြန် ရသ) ဆုတွေကို စံချိန်တင် ဆွတ်ခူးရရှိခဲ့တဲ့ ထိပ်တန်းစာပေပညာရှင်ကြီးတစ်ဦး ဖြစ်ပါတယ်။

 

ဆရာကြီး ကွယ်လွန်သွားခြင်းအပေါ် စာပေလောကသားတွေနဲ့ စာဖတ်ပရိသတ်အပေါင်းက နှမြောတသ ဝမ်းနည်းပူဆွေးလျက် ရှိနေကြပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်

 

 

Related News

Depend on news