ပေါ်တူဂီက ပြဿနာလား ရော်နယ်ဒိုက ပြဿနာလား

Author CJ Platform
Categories
Published on Jun 18, 2026

နာမည်ကြီး ဒိတ်ဒိတ်ကြဲ ကွင်းလယ်ကစားသမား အများစုကို ပိုင်ဆိုင်ထားတဲ့ ပေါ်တူဂီတို့ဟာ အုပ်စုအဖွင့်ပွဲစဉ်မှာ ဒီအာကွန်ဂိုအသင်းနဲ့ သရေသာ ကစားနိုင်ခဲ့ပါတယ်။ သရေရလဒ်ထက် ပိုတာကတော့ ပရိသတ်တော်တော်များများဟာ အသက် ၄၁ နှစ်အရွယ် ခရစ္စတီယာနို ရော်နယ်ဒို (Cristiano Ronaldo) ရဲ့ ပွဲတွင်းခြေစွမ်းအပေါ် မေးခွန်းထုတ်နေကြပြီး၊ ဆော်ဒီလိဂ်က စူပါစတားဟာ တကယ်ပဲ ပေါ်တူဂီအသင်းရဲ့ တိုက်စစ်ကို ဦးဆောင်နိုင်သေးရဲ့လားဆိုတဲ့ အသံတွေ ညံလာတာ ဖြစ်ပါတယ်။

 

နည်းပြ ရောဘတ်တို မာတီနက်ဇ် (Roberto Martínez) ရဲ့ တိကျခိုင်မာမှုမရှိတဲ့ လူထုတ်ပုံအကြားမှာ ပေါ်တူဂီအသင်းရဲ့ နောက်တန်း၊ ကွင်းလယ်၊ ရှေ့တန်းတို့ဟာ အချိတ်အဆက်မိဖို့ ရုန်းကန်နေရပြီး၊ ပွဲချိန်တော်တော်များများမှာ ပွဲကိုလွှမ်းမိုးဖို့ထက် ဒီအာကွန်ဂိုရဲ့ တန်ပြန်တိုက်စစ်တွေကို သတိထားနေရတာနဲ့ပဲ အချိန်ကုန်ဆုံးခဲ့ရပါတယ်။

 

ပီအက်ဂျီစတား ဂျာအို နားဗက် (João Neves) ရဲ့ အဖွင့်ဂိုးနဲ့ ပေါ်တူဂီတို့ စောစောစီးစီး ပွဲကို ဦးဆောင်နိုင်ခဲ့တာကလွဲရင်၊ ပွဲချိန်တော်တော်များများမှာ ဒီအာကွန်ဂိုကပဲ အခွင့်အရေးတွေ များများစားစား ပိုရသွားတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ပွဲစဉ်အတွင်း ပေါ်တူဂီအသင်းရဲ့ မျှော်မှန်းဂိုး xG ဟာ (0.65) သာ ရှိခဲ့တာကို ကြည့်ရင် ပေါ်တူဂီတိုက်စစ်မှာ ပြဿနာကြီးကြီးမားမားတစ်ခု ရှိနေတယ်ဆိုတာကို တွေ့နိုင်ပါတယ်။

 

ပေါ်တူဂီတို့အနေနဲ့ ကွင်းလယ်နဲ့ နောက်တန်းပြဿနာကို ဖြေရှင်းဖို့ လွယ်ကူနိုင်ပေမဲ့၊ တိုက်စစ်ပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် ရော်နယ်ဒိုကို အရန်ခုံ ပို့မလား၊ အခုလိုပဲ ဆက်ပြီး သုံးစွဲမလားဆိုတာကတော့ နည်းပြ မာတီနက်ဇ်အနေနဲ့ ရဲရဲဝံဝံ အပြောင်းအလဲ လုပ်ရဲမလားဆိုတဲ့အပေါ်မှာပဲ မူတည်နေပါတော့တယ်။