ဇွဲကပင်တောင်မှာ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုတွေ များလာတာကြောင့် သဘာဝအလှအပ ပျက်စီးမယ့်အရေး ဒေသခံတွေ စိုးရိမ်နေ

Author CJ Platform
Categories
Published on Jun 15, 2026

ကရင်ပြည်ရဲ့ အထင်ကရနေရာဖြစ်တဲ့ ဇွဲကပင်တောင်မှာ မိုးရာသီကာလ လာရောက်လည်ပတ်တဲ့ ခရီးသွားတွေ စည်ကားလာခြင်းနဲ့အတူ စည်းကမ်းမဲ့ စွန့်ပစ်မှုတွေကြောင့် ဒေသတွင်း သဘာဝအလှအပတွေ ပျက်စီးလာမှာကို စိုးရိမ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

 

ယခုလို မိုးတွင်းရာသီကာလမှာပင် ဒေသတွင်း ခရီးသွားတွေနဲ့ စည်ကားနေတဲ့ ဇွဲကပင်တောင်ဟာ တောင်တက်လမ်းတစ်လျှောက် လာရောက်လည်ပတ်သူ၊ အပန်းဖြေသူအချို့က မိမိတို့ စားသောက်ခဲ့တဲ့ အစားအစာအကြွင်းအကျန်တွေ၊ မုန့်ခွံတွေနဲ့ ပလတ်စတစ်အိတ်တွေကို စနစ်တကျ စွန့်ပစ်ခြင်းမရှိဘဲ တောတောင်များအတွင်း ဒီအတိုင်း ပစ်ထားခဲ့ကြတာကြောင့် နေရာအနှံ့ အမှိုက်တွေနဲ့ ရှုပ်ပွနေခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

 

ဘားအံမြို့ခံ လူငယ်တစ်ဦးက “တောင်ပေါ်တွေမှာ ရေသန့်ဗူးခွံ၊ အချိုရည်ဗူး၊ မုန့်ထုပ်၊ ပလတ်စတစ်တွေ များလာတယ်။ ချောက်ကမ်းပါးတွေ၊ တောင်နံရံတွေမှာ ပစ်ထားတာတွေ တွေ့ရတယ်။ ဘားအံလို့ ပြောရင် တကယ်တောတောင် သဘာဝအလှတွေနဲ့ မဟုတ်တော့ဘဲ အမှိုက်တွေနဲ့ ဖြစ်လာမယ်ဆိုရင် ဒေသခံတစ်ယောက်အနေနဲ့ စိတ်မကောင်းဘူး။ ခရီးသွားဧည့်သည်တွေ များလာတာနဲ့အမျှ ဒီဟာကို သေချာမကိုင်တွယ်ဘူးဆိုရင် နောက်ထပ် ဒီထက်ဆိုးရွားတဲ့ အခြေအနေတွေ ကြုံလာရနိုင်တယ်” လို့ ၎င်းက ပြောပါတယ်။

 

အဲဒီ အမှိုက်ပြဿနာကို ဖြေရှင်းဖို့အတွက် ဒေသခံလူမှုကူညီရေးအသင်းအဖွဲ့တွေနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုပ်ရှားသူလူငယ်အချို့က ဦးဆောင်ပြီး အမှိုက်ကောက်လှုပ်ရှားမှုတွေကို အခါအားလျော်စွာ ပြုလုပ်ပေးနေကြသော်လည်း၊ လာရောက်သူဦးရေနဲ့ စွန့်ပစ်တဲ့ အမှိုက်ပမာဏဟာ မျှတမှုမရှိတာကြောင့် အခက်အခဲဖြစ်နေရတယ်လို့ သိရပါတယ်။

 

ထို့အတွက်ကြောင့် သဘာဝပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရန်၊ လာရောက်လည်ပတ်သူတွေ အမှိုက်ကို စည်းကမ်းမဲ့ မစွန့်ပစ်ရန်၊ ဒေသခံတွေနဲ့ ခရီးသွားတွေကြား ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာ တိုးတက်စေရန် ကမ်ပိန်းတွေ ပြုလုပ်ခြင်းဟာ ရေတိုဖြေရှင်းချက်သာဖြစ်ပြီး၊ အဓိကအားဖြင့် ခရီးသွားတစ်ဦးချင်းစီရဲ့ တတာဝန်ယူမှုအပေါ်တွင်သာ မူတည်ကြောင်း ဒေသတွင်း ခရီးသွားဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။

 

၎င်းက “တစ်ဦးချင်းတစ်ယောက်စီက ကိုယ့်အမှိုက်ကို ပြန်ယူသွားတာမျိုးဆိုရင် ဒါက တောင်ပေါ်မှာ အမှိုက်ဆိုတာမျိုး ဖြစ်လာစရာအကြောင်း မရှိဘူး။ ပလတ်စတစ်အမှိုက်တွေက တော်တော်ကြီးကို ဆွေးဖို့က နှစ်ပေါင်းကြာတယ်။ ဒီအမှိုက်ကို မီးရှို့လို့ ရတယ်ဆိုပေမယ့် မြေဆီလွှာက ပျက်စီးဦးမှာ။ ပလတ်စတစ်အမှိုက်ကို မသုံးတာ အကောင်းဆုံးပဲပေါ့” လို့ ပြောပါတယ်။

 

တစ်ဖက်တွင်လည်း ဒေသခံတွေအနေနဲ့ ကိုယ်ထူကိုယ်ထစနစ်နဲ့ သူတို့ ဒေသအတွင်းရှိ အထင်ကရနေရာတွေ သန့်ရှင်းသာယာလှပစေဖို့ စုပေါင်းအမှိုက်ကောက်လုပ်ငန်းတွေကို လုပ်ဆောင်ခဲ့ကြသော်လည်း၊ လက်ရှိမှာ ခရီးသွားဝင်ရောက်မှု များပြားလာတဲ့အတွက် ပိုမိုကောင်းမွန်ပြီး စနစ်ကျတဲ့ စီမံခန့်ခွဲမှုတွေနဲ့ ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်နေတယ်လို့ ဒေသခံတွေက ထောက်ပြပြောဆိုကြပါတယ်။

 

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်က အာဆီယံပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ရေရှည်တည်တံ့သော မြို့ကြီးများလုပ်ငန်းအဖွဲ့ (ASEAN Working Group on Environmentally Sustainable Cities – AWGESC) က ပေးအပ်တဲ့ အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးသော မြို့ကြီးများဆုကို မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ကရင်ပြည် ဘားအံမြို့က ဆုရရှိခဲ့တယ်လို့ သိရပါတယ်။