ပခုက္ကူက အင်အား ၃၅၀ ကျော်ပါ စစ်ကြောင်းဟာ ကမ္မဘက်ကို ဦးတည်လာနေလို့ ဒေသခံတွေ အလုအယက် ထွက်ပြေးနေရ 

Author CJ Platform
Categories
Published on Jun 13, 2026

မကွေးတိုင်း၊ ပခုက္ကူမြို့နယ် ကန်တော်ကျေးရွာစခန်းဂိတ်ကို ရောက်ရှိနေတဲ့ အင်အား ၃၅၀ ခန့်ရှိ စစ်အုပ်စုစစ်ကြောင်းဟာ အနောက်ဘက်ကို စတင်စစ်ကြောင်းထိုး လာနေတာကြောင့် ပခုက္ကူ-ကမ္မလမ်းပိုင်းရှိ ကျေးရွာတွေနဲ့ ကမ္မမြို့ပေါ်ရှိ ဒေသခံပြည်သူတွေဟာ ပြီးခဲ့တဲ့လက ဖြစ်ပွားခဲ့တဲ့ မြစ်ခြေဒေသ လူစုပြုံသတ်ဖြတ်ခံရမှုနဲ့ မီးရှို့ခံရမှုဖြစ်စဉ်မျိုး ထပ်မံကြုံတွေ့ရမှာကို စိုးရိမ်တာကြောင့်  ဇွန်လ ၁၂ ရက်နေ့ကစပြီး အရေးပေါ် အိုးအိမ်စွန့်ခွာကာ စစ်ဘေးရှောင်နေကြရတယ်လို့ ဒေသခံတွေနဲ့ မြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့တွေဆီက သိရပါတယ်။

 

ဒေသတွင်း မြေပြင်သတင်းစောင့်ကြည့်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ မြိုင်ဒေါင်းမင်းမြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ သတိပေးချက်အရ အဲဒီ အင်အားအလုံးအရင်းပါ စစ်အုပ်စုစစ်ကြောင်းဟာ ကန်တော်ရွာမှတစ်ဆင့် အနောက်ဘက် ကမ္မဒေသဘက်သို့ ဦးတည်လာနေတာကြောင့် ပြည်သူတွေအနေနဲ့ စစ်ကြောင်းနဲ့ အဝေးဆုံးမှာ နေထိုင်ကြဖို့နဲ့ အထူးဂရုပြု ရှောင်တိမ်းကြဖို့ နှိုးဆော်ထားပါတယ်။

 

“စစ်ကြောင်းက အင်အားအများကြီးနဲ့ ကမ္မဘက်ကို ဦးတည်လာနေပြီဆိုတော့ ရွာတွေရော မြို့ပေါ်ကလူတွေပါ မနေရဲကြတော့ဘူး။ ပြီးခဲ့တဲ့လက မြစ်ခြေမှာ လူ ၄၀ ကျော် အသတ်ခံရပြီး ရွာတွေ၊ ဈေးတွေပါ မီးရှို့ခံရတာကို မျက်မြင်ကိုယ်တွေ့ ရှိထားကြတော့ ကမ္မမှာလည်း ဒီလိုမျိုး ထပ်ဖြစ်မှာကို ဒေသခံတွေက အရမ်းစိုးရိမ်နေကြတာ။ ပြီးတော့ ပစ်မိန့်ပေးထားတယ် သတင်းတွေကြားထားတော့ ပိုပြီးစိုးရိမ်‌‌နေကြတယ်။ အဲဒါကြောင့် ၁၂ ရက်နေ့ကတည်းက မြို့ပေါ်မှာရော ရွာတွေမှာပါ အကုန်ရုတ်ရုတ်သဲသဲ ဖြစ်ပြီး ပိုင်ဆိုင်တာလေးတွေ သယ်နိုင်သလောက်သယ်ပြီး ဘေးလွတ်ရာကို ရှောင်နေရတယ်” လို့ စစ်ဘေးတိမ်းရှောင်နေသူ ဒေသခံတစ်ဦးက ပြောပါတယ်။

 

ကမ္မဒေသခံ ပြည်သူတစ်ဦးက ကမ္မမြို့ပေါ်နဲ့ ပတ်ဝန်းကျင်ကျေးရွာတွေမှာ ဇွန်လ ၁၂ ရက်နေ့ကတည်းက စိုးရိမ်ထိတ်လန့်မှုတွေကြောင့် ဆူဆူပူပူ ရုတ်ရုတ်သဲသဲတွေ ဖြစ်ပွားခဲ့ပြီး ချက်ချင်း ထုပ်ပိုးကာ ဘေးလွတ်ရာသို့ ပြေးနေကြရတယ်လို့ ပြောပါတယ်။

 

လက်ရှိမှာ ပခုက္ကူ-ကမ္မလမ်းပိုင်းရှိ ကျေးရွာအများအပြားက ထောင်နဲ့ချီတဲ့  ဒေသခံပြည်သူတွေဟာ တောတောင်တွေထဲအပြင် စစ်ကြောင်းနဲ့ လွတ်ကင်းမယ့် ဆွေမျိုးနီးစပ်ရာ ကျေးရွာတွေကို ကားတွေ၊ ဆိုင်ကယ်တွေ၊ ထရော်လာဂျီတွေနဲ့ အရေးပေါ် တိမ်းရှောင်နေကြရတာကြောင့် လမ်းမပေါ်မှာ စစ်ရှောင်ပြည်သူတွေနဲ့ ပြည့်နှက်နေတယ်လို့ သိရပါတယ်။

 

ဒေသတွင်း တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ မြေပြင်သတင်းအဖွဲ့တွေကမူ ကမ္မဒေသနဲ့ ပခုက္ကူအနောက်ဘက်ခြမ်းရှိ ပြည်သူတွေအနေနဲ့ စစ်အုပ်စုစစ်ကြောင်းရဲ့ လှုပ်ရှားမှု သတင်းတွေကို အမြဲမပြတ် နားစွင့်ထားကြဖို့နဲ့ စစ်ကြောင်းနဲ့ ထိပ်တိုက်မတိုးစေရေးအတွက် လုံခြုံစိတ်ချရတဲ့ နေရာတွေမှာသာ ယာယီခိုလှုံနေကြဖို့ တိုက်တွန်းနှိုးဆော်ထားကြောင်း သိရပါတယ်။

 

CJ 014