ရွှေ ၁၆ ပိဿာကျော် တရားမဝင် ထုတ်ယူမှုအပါအဝင် ပြစ်မှုတွေနဲ့ MDY PDF တာဝန်ရှိသူ ရဲဘော်မုန်တိုင်းနဲ့ ရဲဘော်နိုင်ကြီးတို့ကို စုံစမ်းစစ်ဆေးနေတယ်လို့ MOD ထုတ်ပြန်
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) မှ စစ်ဆင်ရေးနဲ့ စုဖွဲ့မှုတာဝန်ခံဟောင်း ရဲဘော်မုန်တိုင်းနဲ့ စစ်ထောက်တာဝန်ခံဟောင်း ရဲဘော်နိုင်ကြီးတို့ နှစ်ဦးဟာ တပ်ဖွဲ့ပိုင်ရွှေ ၁၆ ဒသမ ၆ ပိဿာကို လုပ်ထုံးလုပ်နည်းတွေ ချိုးဖောက်ပြီး တရားမဝင် ထုတ်ယူသွားခဲ့ခြင်းအပါအဝင် စစ်စည်းကမ်းဖောက်ဖျက်မှုတွေကြောင့် လက်နက်ဖြုတ်သိမ်းကာ အချုပ်နဲ့ ထိန်းသိမ်းပြီး စုံစမ်းစစ်ဆေးရေးခုံရုံးနဲ့ ဆက်လက်စစ်ဆေးနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD) က ဒီကနေ့ ဇွန်လ ၁၃ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
MOD ရဲ့ ထုတ်ပြန်ချက်အရ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲ့ စစ်ဦးစီးအဖွဲ့အကြီးအကဲ ရဲဘော်မုန်တိုင်းဟာ တပ်ဖွဲ့အတွင်းရှိ ကာမပိုင် အမျိုးသမီးတစ်ဦးနဲ့ လူမှုရေးဖောက်ပြန်မှု ကျူးလွန်ခဲ့ကြောင်း ၂၀၂၄ ခုနှစ်အတွင်း သိရှိပေါ်ပေါက်ခဲ့ပြီးနောက် တပ်တွင်းစည်းလုံးမှု ပျက်ပြားလာတာကြောင့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလမှာ တပ်ဖွဲ့ဖွဲ့စည်းပုံကို ပြင်ဆင်ပြီး သူ့ကို အချုပ်ပြစ်ဒဏ် ခြောက်လ ကျခံစေခဲ့ကြောင်း သိရပါတယ်။
အဆိုပါ လူမှုရေးဖောက်ပြန်မှု ပြုလုပ်ခဲ့တဲ့ အမျိုးသမီးဟာလည်း ယခင်ဖွဲ့စည်းပုံအရ ဘဏ္ဍာရေးဌာနရဲ့ ဌာနမှူးဖြစ်နေကြောင်း စိစစ်တွေ့ရှိရတယ်လို့ ဖော်ပြထားပါတယ်။
ရဲဘော်မုန်တိုင်းဟာ မဟာမိတ်နယ်မြေတစ်ခုမှာ အချုပ်ပြစ်ဒဏ် ကျခံနေရတဲ့ ကာလအတွင်း ပြစ်ဒဏ်ကို အပြည့်အဝမခံယူဘဲ ရှောင်လွှဲခဲ့တဲ့အပြင် တပ်ဖွဲ့ရဲ့ အုပ်ချုပ်ကွပ်ကဲမှုယန္တရားတွေမှာ ဝင်ရောက်စွက်ဖက်ခဲ့ကာ၊ ပြစ်ဒဏ်ကျခံနေရစဉ်အတွင်း ဘဏ္ဍာရှာဖွေရေးဌာနကြီးမှူး ရဲဘော်နိုင်ကြီးကိုလည်း တရားမဝင် ဆက်သွယ်စေခိုင်းပြီး တပ်ဖွဲ့ပိုင် ဘဏ္ဍာငွေတွေနဲ့ ရွှေတွေကို ထုတ်ယူခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီနောက်ပိုင်း ၂၀၂၅ ခုနှစ် မေလမှာ ဖွဲ့စည်းခဲ့တဲ့ တပ်ဖွဲ့တွင်း စာရင်းစစ်အဖွဲ့ရဲ့ စစ်ဆေးချက်တွေအရ ရဲဘော်မုန်တိုင်းနဲ့ ရဲဘော်နိုင်ကြီးတို့ဟာ တပ်ဖွဲ့ပိုင်ရွှေ ၁၆ ဒသမ ၆ ပိဿာကို စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ပြီး တရားမဝင် ထုတ်ယူသွားခဲ့ကြောင်း ပေါ်ပေါက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီ ဘဏ္ဍာငွေနဲ့ ပစ္စည်းတွေကို တပ်ဖွဲ့ထံ အမြန်ဆုံး ပြန်လည်အပ်နှံဖို့အပြင် ပြစ်ဒဏ်ခံယူဖို့ ၂၀၂၅ ခုနှစ် ဩဂုတ်လမှာ ဗဟိုဦးဆောင်ကော်မတီ အစည်းအဝေးအတွင်း ကာယကံရှင်နှစ်ဦးစလုံးက ဝန်ခံကတိပြုခဲ့ပေမယ့် ဒီကနေ့အထိ ပြန်လည်အပ်နှံခြင်း မရှိသေးဘူးလို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် သူတို့နှစ်ဦးစလုံးဟာ ပြစ်ဒဏ်ကိုမခံယူဘဲ ရှောင်လွှဲခြင်း၊ တပ်ဖွဲ့ဦးဆောင်သူ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးတို့ရဲ့ လမ်းညွှန်မှုကို မနာခံခြင်း၊ အဆင့်ဆင့် ကွပ်ကဲမှုယန္တရားကို ပုံပျက်စေပြီး တပ်တွင်းစည်းလုံးမှုကို ထိခိုက်စေတဲ့ လုပ်ရပ်တွေကို ကျူးလွန်ခဲ့တာကြောင့် သာမန်စည်းကမ်းချိုးဖောက်မှုအဆင့်ကို ကျော်လွန်သွားခဲ့ပြီး ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့ (မတ္တရာနဲ့ စဉ့်ကူးစစ်ဂွင်တွေကနေ ခွာစစ်ဆင်နေရတဲ့ ကာလ) မှစတင်ပြီး နှစ်ဦးစလုံးကို လက်ရှိတာဝန်အားလုံးကနေ ရပ်ဆိုင်းကာ လက်နက်ဖြုတ်သိမ်းပြီး အချုပ်နဲ့ ထိန်းသိမ်းခဲ့ရကြောင်းကိုလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စုံစမ်းစစ်ဆေးမှုနဲ့ ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ရုံးချုပ်ဟာ အမိန့်အမှတ် ၁၁၀/၂၀၂၅ ဖြင့် အဖွဲ့ဝင် ငါးဦးပါဝင်တဲ့ စုံစမ်းစစ်ဆေးရေးခုံရုံးကို ဖွဲ့စည်းတာဝန်ပေးခဲ့ပြီး အဆိုပါခုံရုံးဟာ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့မှ မေလ ၂၉ ရက်နေ့အထိ သက်သေစုစုပေါင်း ၂၀ ဦးကို စုံစမ်းစစ်ဆေးခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။
စုံစမ်းစစ်ဆေးရေးခုံရုံးရဲ့ ကြားဖြတ်အစီရင်ခံစာအရ ရဲဘော်မုန်တိုင်းဟာ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ဖွဲ့စည်းပုံပြောင်းလဲချိန်မှာ လွှဲပြောင်းပေးရမယ့် ဘဏ္ဍာရေးနဲ့ ရွှေလုပ်ငန်းဆိုင်ရာ စာရင်းဇယား Hard Copy နဲ့ Soft Copy တွေကို ဖျက်ဆီးစေခဲ့ကြောင်း MOD ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒါ့အပြင် ဘဏ္ဍာရှာဖွေရေးဌာနကြီးမှူး ရဲဘော်နိုင်ကြီးသည်လည်း ၎င်းရဲ့ သဘောဆန္ဒအလျောက် ရွှေ ၁၆ ပိဿာကျော်ကို ရဲဘော်မုန်တိုင်းထံ ထုတ်ပေးခဲ့ခြင်းမှာ လုပ်ပိုင်ခွင့်ကို ကျော်လွန်လုပ်ဆောင်ခြင်းဖြစ်ပြီး၊ ဘဏ္ဍာရှာဖွေရေးဌာနက ရရှိတဲ့ ငွေကြေးအားလုံးကိုလည်း ဘဏ္ဍာစီမံဌာနကြီးကို အလုံးစုံအပ်နှံခြင်း မရှိခဲ့ကြောင်း စိစစ်တွေ့ရှိရတာကြောင့် စစ်ဘက်ဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆက်လက်စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်လျက်ရှိကြောင်း သိရပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ကွပ်ကဲမှုအောက်ရှိ တပ်ရင်းတပ်ဖွဲ့တွေအားလုံးကို ဝန်ကြီးဌာနက ချမှတ်ထားတဲ့ မူဝါဒ၊ ဥပဒေတွေနဲ့အညီ ဖြစ်စေဖို့ အစွမ်းကုန် ထိန်းကျောင်းကြပ်မတ်လျက်ရှိကြောင်းကိုလည်း ထည့်သွင်းထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – MDY PDF
