ကမ္ဘာ့ဖလား ထုတ်လွှင့်ခွင့်ရထားတဲ့ စစ်တပ်ကျောထောက်နောက်ခံ Mytel ပိုင် TV360 Facebook စာမျက်နှာကို Meta ဖယ်ရှား

Author CJ Platform
Categories
Published on Jun 13, 2026

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ထုတ်လွှင့်ပြသခွင့် ရရှိထားကြောင်း ကြော်ငြာဖို့ အသုံးပြုနေတဲ့ စစ်အုပ်စုကျောထောက်နောက်ခံ Mytel ပိုင် TV360 Facebook စာမျက်နှာကို Meta က စည်းကမ်းချက်တွေနဲ့အညီ ဖယ်ရှားပိတ်သိမ်းလိုက်ကြောင်း Justice For Myanmar (JFM) က ဒီကနေ့မနက်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

 

Facebook ရဲ့ မိခင်ကုမ္ပဏီ Meta ဟာ မြန်မာစစ်တပ်နဲ့ သူတို့ပိုင် စီးပွားရေးလုပ်ငန်းတွေကို Meta ရဲ့ ပလတ်ဖောင်းတွေပေါ်မှာ အသုံးပြုခွင့် တားမြစ်ပိတ်ပင်ထားတဲ့ မူဝါဒအတိုင်း တရားဝင် အရေးယူခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

 

အဲဒီ TV360 စာမျက်နှာဟာ စစ်တပ်ပိုင် Mytel ကုမ္ပဏီက ကမ္ဘာ့ဖလားပြိုင်ပွဲ ထုတ်လွှင့်မှုကို ကြော်ငြာဖို့ အသုံးပြုနေခြင်းဖြစ်ပြီး၊ Justice For Myanmar (JFM) အဖွဲ့က သောကြာနေ့အစောပိုင်းမှာ Facebook ကို ထောက်ပြတိုင်ကြားခဲ့ပြီးနောက်ပိုင်း ယခုလို ဖယ်ရှားခံခဲ့ရခြင်းဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

 

ဒဏ်ခတ်ပိတ်ဆို့ခံထားရတဲ့ စစ်အုပ်စုပိုင် စီးပွားရေးလုပ်ငန်းစုကြီးဖြစ်တဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) က ပူးတွဲပိုင်ဆိုင်ထားတဲ့ Mytel ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ မြန်မာနိုင်ငံအတွက် တစ်ဦးတည်းမူပိုင် ထုတ်လွှင့်ခွင့်ကို နိုင်ငံတကာဘောလုံးအဖွဲ့ချုပ် (FIFA) ထံကနေ ရရှိခဲ့ခြင်းဖြစ်ပြီး၊ ယင်းအပေါ် FIFA အနေနဲ့ လူ့အခွင့်အရေးကို ဆိုးဆိုးရွားရွား လျစ်လျူရှုခဲ့ကြောင်း JFM အဖွဲ့က ပြင်းထန်စွာ ရှုတ်ချထားပါတယ်။

 

မနေ့က ဇွန်လ ၁၂ ရက်နေ့က JFM ရဲ့ ထုတ်ပြန်ချက်အရ ဆက်သွယ်ရေးအော်ပရေတာဖြစ်တဲ့ Mytel ဟာ စစ်အုပ်စုအတွက် အကျိုးအမြတ်တွေနဲ့ ဝင်ငွေရင်းမြစ်တစ်ခုဖြစ်ပြီး၊ လုပ်ငန်းလည်ပတ်မှု ပဉ္စမနှစ်မှ နဝမနှစ်ကာလအတွင်း စစ်အုပ်စုရဲ့ ရှယ်ယာပိုင်ဆိုင်မှုတွေကနေ အမေရိကန်ဒေါ်လာ သန်း ၂၇၀ ထိ ရရှိနိုင်ကြောင်း၊ အဲဒီနောက် ငါးနှစ်အတွင်းမှာလည်း နောက်ထပ် အမေရိကန်ဒေါ်လာ သန်း ၄၅၀ အထိ ထပ်မံရရှိနိုင်ကြောင်း လေ့လာဆန်းစစ်ချက်တွေအရ တွေ့ရှိရတာကြောင့် စစ်ဗိုလ်ချုပ်ကြီးတွေအတွက် အလွန်ကြီးမားတဲ့ ငွေကြေးစီးဆင်းမှုဖြစ်ကြောင်း သိရပါတယ်။

 

ဒါ့အပြင် Mytel ဟာ စစ်အုပ်စုကို ငွေကြေးထောက်ပံ့ခြင်းနဲ့ ဒစ်ဂျစ်တယ် စောင့်ကြည့်ထောက်လှမ်းရေးလုပ်ငန်းတွေကို ကူညီပေးခြင်းဖြင့် စစ်အုပ်စုက ကျူးလွန်လျက်ရှိတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကို ကူညီအားပေးရာ ရောက်နေတယ်လို့ ဆိုထားပါတယ်။

 

ဒါကြောင့် Mytel ကို အမေရိကန် ကုန်သွယ်ရေးဝန်ကြီးဌာနက ပို့ကုန်ကန့်သတ်အရေးယူမှု ချမှတ်ထားပြီး၊ မိခင်ကုမ္ပဏီ MEC ကိုလည်း အမေရိကန်၊ ယူကေ၊ အီးယူ၊ ကနေဒါနဲ့ သြစတြေးလျနိုင်ငံတို့က တိုက်ရိုက်ဒဏ်ခတ်ပိတ်ဆို့ထားပြီး ဖြစ်ပါတယ်။