မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင်ဒေသရှိ ဆရာ၊ ဆရာမတွေ လစာမလုံလောက်မှုကြောင့် စားဝတ်နေရေး အခက်အခဲတွေ ကြုံတွေ့နေရ

Author CJ 011
Categories
Published on Jun 06, 2026

ရခိုင်ပြည်ရှိ မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင်ဒေသတွေမှာ ၂၀၂၄ ခုနှစ်ကစတင်ပြီး ကျောင်းဆရာ၊ ဆရာမတွေရဲ့ လစာကို ဒေသတွင်း တာဝန်ရှိသူတွေက ပုံမှန်ပေးအပ်တာမရှိဘဲ ဒေသခံကျောင်းကော်မတီတွေနဲ့ ကျောင်းသားမိဘတွေက စုပေါင်းထောက်ပံ့ပေးနေရတယ်လို့ ဒေသတွင်း ပညာရေးအသိုင်းအဝိုင်းထံက သိရပါတယ်။

 

မောင်တောမြို့ရှိ ကျောင်းအုပ်ဆရာမကြီးတစ်ဦးရဲ့ ပြောပြချက်အရ ကျောင်းဖွင့်ချိန်မှာ ကျောင်းသား၊ ကျောင်းသူတွေထံက ကျောင်းဝင်ကြေးအဖြစ် သူငယ်တန်းကနေ စတုတ္ထတန်းအထိ ကျပ် ၁၀,၀၀၀၊ ပဉ္စမတန်းကနေ အဋ္ဌမတန်းအထိ ကျပ် ၂၀,၀၀၀ နဲ့ နဝမတန်းကနေ ဒွါဒသမတန်းအထိ ကျပ် ၃၀,၀၀၀ စီ ကောက်ခံခဲ့တယ်လို့ သိရပါတယ်။

 

ဒါ့အပြင် လစဉ်ကြေးအဖြစ် သူငယ်တန်းကနေ စတုတ္ထတန်းအထိ ကျပ် ၁၀,၀၀၀၊ ပဉ္စမတန်းကနေ အဋ္ဌမတန်းအထိ ကျပ် ၂၅,၀၀၀ နဲ့ နဝမတန်းကနေ ဒွါဒသမတန်းအထိ ကျပ် ၅၀,၀၀၀ စီ ထပ်မံကောက်ခံခဲ့ပြီး ရရှိတဲ့ငွေတွေကို မြို့နယ်ပညာရေးရုံးမှာ အပ်နှံထားတယ်လို့ သူက ဆိုပါတယ်။

 

ရခိုင်ပြည်အတွင်းရှိ ဆရာ၊ ဆရာမတွေဟာ လစဉ်လတိုင်း လစာအဖြစ် ငွေကျပ် ၁ သိန်း၊ ဆန်တစ်အိတ်၊ စားသုံးဆီတစ်ဗူးနဲ့ ပဲတစ်ကီလိုဂရမ် ရရှိနေတယ်လို့ သိရပေမဲ့ အဲဒီပမာဏဟာ လက်ရှိကုန်ဈေးနှုန်းတွေနဲ့ နှိုင်းယှဉ်ရင် မလုံလောက်ဘူးလို့ ဆရာ၊ ဆရာမတွေက ပြောကြပါတယ်။

 

“မိသားစုစားဝတ်နေရေး၊ ကျန်းမာရေးကုန်ကျစရိတ်၊ ပညာရေးစရိတ်နဲ့ ခရီးသွားလာရေးစရိတ်တွေ ရှိနေတဲ့အတွက် လက်ရှိရရှိနေတဲ့ လစာနဲ့ မလုံလောက်ပါဘူး” လို့ ဒေသခံဆရာမတစ်ဦးက ပြောပါတယ်။

 

ဒေသအတွင်း လက်နက်ကိုင်ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် ကုန်စည်သယ်ယူပို့ဆောင်ရေးနဲ့ ကုန်သွယ်မှုလမ်းကြောင်းတွေ ထိခိုက်နေပြီး လမ်းပိတ်ဆို့မှုတွေ၊ ရေကြောင်းသွားလာမှု ကန့်သတ်ချက်တွေနဲ့ လုံခြုံရေးပြဿနာတွေကြောင့် အစားအစာ၊ လောင်စာဆီနဲ့ အခြေခံစားသောက်ကုန်တွေရဲ့ ဈေးနှုန်းတွေ မြင့်တက်နေတယ်လို့ သိရပါတယ်။

 

လူသားချင်းစာနာထောက်ထားမှုအဖွဲ့အစည်းတွေရဲ့ အစီရင်ခံစာတွေအရ ပဋိပက္ခတွေကြောင့် သွားလာရေး၊ ကုန်စည်စီးဆင်းမှုနဲ့ အခြေခံဝန်ဆောင်မှုတွေ ထိခိုက်လျက်ရှိပြီး နေ့စဉ်သုံးပစ္စည်းတွေရဲ့ ဈေးနှုန်းတွေလည်း ဆက်လက်မြင့်တက်နေကြောင်း ဖော်ပြထားပါတယ်။

 

ဒါ့အပြင်  မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင်ဒေသတွေမှာ လျှပ်စစ်မီး၊ ဆက်သွယ်ရေးနဲ့ ဘဏ်လုပ်ငန်းဝန်ဆောင်မှုတွေ အကန့်အသတ်ရှိနေတာကြောင့် ဆရာ၊ ဆရာမတွေရဲ့ နေ့စဉ်ဘဝနဲ့ လစာလက်ခံရရှိမှုအပေါ် သက်ရောက်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။

 

ပဋိပက္ခတွေကြောင့် ကျောင်းအများအပြား ပိတ်ထားရတာအပြင် အချို့ကျောင်းတွဟာ ပုံမှန်မဖွင့်လှစ်နိုင်တာကြောင့် ပညာရေးဝန်ထမ်းတွေရဲ့ အလုပ်အကိုင်တည်ငြိမ်မှုနဲ့ ဝင်ငွေအခြေအနေတွေအပေါ် ထိခိုက်မှုတွေ ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

 

ဓာတ်ပုံ – CJ