ပေါက်မြို့နယ်မှာ ပျူစခန်းသိမ်းပြီး ဖမ်းဆီးရမိတဲ့ ပျူစောထီးနဲ့ မိသားစုဝင် ၇၀ ကျော်ကို ဘေးကင်းစွာ စောင့်ရှောက်ထိန်းသိမ်းထား

Author CJ Platform
Categories
Published on Jun 06, 2026

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ကုက္ကိုစုကျေးရွာမှ လက်နက်တွေနဲ့အတူ ထွက်ပြေးချိန် ဖမ်းဆီးရမိခဲ့တဲ့ စစ်အုပ်စုလက်အောက်ခံ ပျူစောထီးတွေနဲ့ ပျူစောထီး မိသားစုဝင် ၇၀ ကျော်ကို လက်ရှိတွင် ဘေးကင်းလုံခြုံစွာ စောင့်ရှောက်ထိန်းသိမ်းထားတယ်လို့ အညာမြေတပ်ပေါင်းစုက ဒီကနေ့ ဇွန်လ ၆ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

 

အဲဒီ ဖမ်းဆီးရမိသူတွေဟာ လက်နက်ချအညံ့ခံခြင်းမရှိဘဲ ပြန်လည်ခုခံမှုတွေ ပြုလုပ်ခဲ့တာကြောင့် ဂျီနီဗာကွန်ဗင်းရှင်း (Geneva Conventions) ဥပဒေအရ စစ်သုံ့ပန်းအဖြစ် သတ်မှတ်ကာ နိုင်ငံတကာဥပဒေတွေနဲ့အညီ စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ထားခြင်းဖြစ်ကြောင်း သိရပါတယ်။

 

ပေါက်မြို့နယ်အတွင်း စစ်အုပ်စုဘက်က အားအထားရဆုံးဖြစ်တဲ့ ကုက္ကိုစုပျူစောထီးကျေးရွာကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဇွန် ၄ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက်၊ အဲဒီရွာက ပျူစောထီးတွေနဲ့ မိသားစုဝင်တွေဟာ လက်နက်အပြည့်အစုံနဲ့ မြိုင်မြို့နယ်ရှိ စက်မှု-၂ တပ်စခန်းဘက်သို့ တိတ်တဆိတ် ထွက်ပြေးခဲ့ကြတာဖြစ်ပါတယ်။ ပျူစောထီးတွေ လက်နက်တွေနဲ့အတူ ထွက်ပြေးမှုကြောင့် လမ်းကြောင်းတစ်လျှောက်ရှိ ကျေးရွာအနည်းဆုံး ငါးရွာခန့်မှ ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာကို တိမ်းရှောင်ခဲ့ရတယ်လို့ သိရပါတယ်။

 

ထွက်ပြေးသွားတဲ့အဖွဲ့ကို အညာမြေတပ်ပေါင်းစုနဲ့ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့အသီးသီးက ကင်းထောက်ခြင်း၊ တောနင်းရှာဖွေခြင်းတွေ ဆက်တိုက်ဆောင်ရွက်ခဲ့ရာ ဇွန်လ ၅ ရက် ည ၇ နာရီခန့်မှာ ပေါက်မြို့နယ် တောတွင်းတစ်နေရာ၌ အစုလိုက် ပိတ်မိဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

 

ပျူစောထီးအမြောက်အမြားကို ဖမ်းဆီးရရှိခဲ့ပေမဲ့ အဖွဲ့ကို ဦးဆောင်တဲ့ ကုက္ကိုစုပျူစောထီးခေါင်းဆောင်နဲ့ စစ်အုပ်စုတပ်သား ငါးဦး၊ စုစုပေါင်း ခြောက်ဦးမှာမူ ပျူစောထီးတွေနဲ့ မိသားစုဝင်တွေကို စွန့်ပစ်ကာ နယ်မြေကျွမ်းကျင်မှုကို အသုံးပြုပြီး ထွက်ပြေးလွတ်မြောက်နေဆဲ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

 

လွတ်မြောက်နေတဲ့ ပျူစောထီးခေါင်းဆောင်နဲ့ စစ်အုပ်စုတပ်သား ၅ ဦးကို ဖမ်းဆီးနိုင်ရေးအတွက် တော်လှန်ရေးတပ်ဖွဲ့တွေက ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပြီး၊ ကုက္ကိုစုကျေးရွာတိုက်ပွဲနဲ့ ပတ်သက်တဲ့ အသေးစိတ်ထုတ်ပြန်ချက်ကို အညာမြေတပ်ပေါင်းစုက ဆက်လက်ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

 

အညာမြေတပ်ပေါင်းစုနဲ့ ဒေသတွင်းမဟာမိတ်ပူးပေါင်းတပ်တွေဟာ ပြီးခဲ့တဲ့ မေလ ၂၂ ရက်နေ့ကလည်း စစ်ဆင်ရေးတစ်ခုဖော်ဆောင်ခဲ့ပြီး၊ မြိုင်မြို့နယ်အတွင်း ပျူရွာအဖြစ် အစောဆုံးဖွဲ့စည်းခဲ့ကာ အင်အားကြီးမားတဲ့ သရက်ကန်ပျူစောထီးစခန်းကို မေလ ၂၃ ရက်နေ့မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပါသေးတယ်။

 

ဓာတ်ပုံ – အညာမြေတပ်ပေါင်းစု