နေပြည်တော်မှာ လိုင်းကြေးမရတဲ့ လောင်းကစားဝိုင်းတွေကို စစ်အုပ်စုက ဖမ်းဆီးပြီး ဝင်ငွေရှာ 

Author CJ Platform
Categories
Published on Jun 05, 2026

နေပြည်တော်မှာ လုယက်သတ်ဖြတ်မှုတွေကို စစ်အုပ်စု လက်အောက်ခံ ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်တာ မရှိပေမယ့် လိုင်းကြေးမရတဲ့ ဖဲဝိုင်းတွေကိုသာ လိုက်လံဖမ်းဆီးပြီး ဝင်ငွေရှာနေကြတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

 

ဇွန်လ ၄ ရက် နေ့လယ်ပိုင်းက တပ်ကုန်းမြို့နယ်၊ မကျီးပင်ကျေးရွာအနီးမှာ ဆင်၊ ကျား၊ ခွေး၊ ကြောင်၊ ကြွက် လောင်းကစားပြုလုပ်နေတဲ့ လူငယ် ၅ ဦးကို တပ်ကုန်းမြို့မရဲစခန်း ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးကာ တစ်ဦးကို ဒဏ်ငွေ တစ်သိန်းကျပ်ရိုက်ပြီး ပြန်လွှတ်ပေးခဲ့တယ်လို့ မြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“တပ်ကုန်းမှာ လုယက်မှုတွေ ခဏခဏဖြစ်နေတယ်။ ရဲတွေက မဖမ်းနိုင်ဘူး။ လမ်းဘေးမှာ ဆင်၊ ကျား၊ ခွေး၊ ကြောင်၊ ကြွက် ကစားနေတဲ့ လူငယ်တွေကိုဖမ်းပြီး ဒဏ်ရိုက်တယ်။ အဖမ်းခံရတာက နယ်ခံတွေမဟုတ်ဘူး၊ အခြားမြို့နယ်ကနေ တပ်ကုန်းမှာ ပန်းရံလာလုပ်တဲ့သူတွေ” လို့ သူက ဆိုပါတယ်။

 

အလားတူ ဇွန်လ ၁ ရက် ညနေ ၄ နာရီကလည်း လယ်ဝေးမြို့နယ်၊ စည်တိုးအောင်ကျေးရွာရှိ လူနေအိမ်တစ်လုံးမှာ အပျော်တမ်း ဖဲရိုက်နေသူတွေကို စစ်အုပ်စုလက်အောက်ခံ ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ပြီး၊ အသက် ၅၈ နှစ်အရွယ် အိမ်ရှင်အမျိုးသမီးကြီး အပါအဝင် ၄ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ မြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“အိမ်မှာ အပျော်ကစားတဲ့သူတွေကို သတင်းပေးလို့ ဝင်ဖမ်းတာဆိုပြီး ဖမ်းတာ။ လယ်ဝေးမှာ မြို့နယ်မှူး လိုင်းကြေးယူပြီး ဖွင့်ထားတဲ့ ကြိတ်ဝိုင်းတွေမှ အများကြီး။ အဲ့ဒါတွေကျတော့ ပိုက်ဆံမရမှာစိုးလို့ မဖမ်းဘူး” လို့ သူက ဆက်ပြောပါတယ်။

 

ပြီးခဲ့တဲ့ မေ ၄ ရက်နေ့မှ ဇွန် ၄ ရက်နေ့အထိ တစ်လအတွင်း နေပြည်တော်ရှိ တပ်ကုန်း၊ လယ်ဝေး၊ ပျဉ်းမနားနဲ့ ဇမ္ဗူသီရိမြို့နယ်တို့မှာ ဖဲရိုက်လောင်းကစားမှုနဲ့ ဖမ်းဆီးခံရသူ အမျိုးသား ၁၆ ဦးနဲ့ အမျိုးသမီး ၇ ဦး၊ စုစုပေါင်း ၂၃ ဦးအထိ ရှိခဲ့တယ်လို့ သိရပါတယ်။

 

ဖမ်းဆီးရမိသူတွေကို တစ်ဦးလျှင် ဒဏ်ငွေ တစ်သိန်းကျပ်မှ သုံးသိန်းကျပ်အထိ တောင်းခံကာ ဝန်ခံကတိလက်မှတ်ထိုးခိုင်းပြီး ပြန်လွှတ်ပေးသည့် ရဲစခန်းများရှိသလို၊ အချို့ရဲစခန်းများတွင်မူ လောင်းကစားဥပဒေ ပုဒ်မ ၁၆(က)/၁၇(က) တို့ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရပါတယ်။

 

ဓာတ်ပုံ – Pro SAC