လမ်းမီးတိုင် ဝါယာရှော့ဖြစ်ရာမှ နေအိမ် ၁ လုံးနှင့် ဆိုင်ခန်း ၅ ခန်း မီးလောင်ဆုံးရှုံး
နေပြည်တော်၊ ပျဉ်းမနားမြို့၊ ရွှေချီရပ်ကွက်၊ ၉ လမ်းမှာ ဇွန် ၄ ရက် ည ၁၁ နာရီခွဲက လမ်းမီးဓာတ်တိုင်မှ ဝါယာရှော့ဖြစ်ပြီး မီးလောင်ရာမှ အနီးရှိ လူနေအိမ်တစ်လုံးနှင့် ဆိုင်ခန်း ၅ ခန်း မီးထဲပါသွားခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ရွှေချီရပ်ကွက် ၉ လမ်းထိပ်ရှိ ဓာတ်တိုင်မှ ဝါယာရှော့ဖြစ်ပြီး မီးလောင်ရာကနေ အနီးရှိ နေအိမ်ကို ကူးစက်ခဲ့ကာ၊ ၎င်းနေအိမ်အနောက်က ဈေးဆိုင်များပါ မီးကူးစက်လောင်ကျွမ်းခဲ့တာ ဖြစ်တယ်လို့ မြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
“ဓာတ်တိုင်က ဝါယာရှော့ ခဏခဏဖြစ်လို့ EPC ကို အကြောင်းကြားရင် လာမပြင်ဘူး။ အခုလို မီးလောင်တော့ ရပ်ကွက်ထဲက အိမ်တွေကုန်ရော။ မီးသတ်ရော ဒေသခံရော ကောင်းလို့ ၆ လုံးလောက်ပဲ မီးထဲပါသွားတာ၊ နောက်မို့ဆို မလွယ်ဘူး” လို့ ၎င်းက ဆိုပါတယ်။
မီးလောင်မှုကြောင့် ဓာတ်တိုင်အနီးရှိ ဦးခင်မောင်လတ် နေအိမ်နဲ့ အဲဒီအိမ်အနောက်မှာ ငှားရမ်းဖွင့်လှစ်ထားတဲ့ ဈေးဆိုင်ခန်း ၅ ခန်း မီးထဲပါသွားတယ်လို့ သတင်းအရင်းအမြစ်က ပြောပါတယ်။
အဲဒီ မီးလောင်မှုကို မြို့နယ်မီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ် ၅ စီး၊ ရေသယ်ယာဉ် ၃ စီးနဲ့ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံများက ပူးပေါင်းမီးငြိမ်းသတ်ခဲ့ရတယ်လို့ မီးသတ်ဦးစီးဌာနနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂၆ ရက်ကလည်း နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ မြဝတီရပ်ကွက်၊ နယ်မြေ ၁၁ မှာ မီးလောင်မှုဖြစ်ပွားခဲ့ရာ လူနေအိမ် ၂ လုံး မီးထဲပါသွားခဲ့ပြီး၊ မီးစတင်လောင်ကျွမ်းတဲ့ နေအိမ်က အမျိုးသားကို ပုဒ်မ ၂၈၅ နဲ့ ရဲစခန်းက အမှုဖွင့်အရေးယူခဲ့ပါတယ်။
အလားတူပင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်က ပျဉ်းမနားမြို့ပေါ် ရန်နိုင် (၂) ရပ်ကွက်မှာ ဂတ်စ်မီးဖိုနဲ့ ငါးကင်ရာကနေ မီးလောင်ခဲ့ပြီး နေအိမ်အလုံး ၆၀ ကျော် မီးထဲပါသွားတဲ့ ဖြစ်စဉ်လည်း ရှိခဲ့ဖူးပါတယ်။
ဓာတ်ပုံ – MSFD
