စစ်ကိုင်းမြို့က လဝကရုံးမှာ ပေါက်ကွဲမှုဖြစ်ပွားပြီး လူထိခိုက်မှုတွေရှိနေ

Author CJ Platform
Categories
Published on Jun 05, 2026

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့က မြို့နယ်လဝကရုံးမှာ ဒီကနေ့ ဇွန်လ ၅ ရက်နေ့ မနက်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူထိခိုက်မှုတွေရှိနေတယ်လို့ စစ်ကိုင်းမြို့ခံတွေဆီက သိရပါတယ်။

 

ဖြစ်စဉ်က ဒီကနေ့ ဇွန်လ ၅ ရက်နေ့၊ မနက် ၁၁ နာရီ ၁၅ မိနစ်ခန့်မှာ စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

 

“ဒီမနက် လဝကရုံး ဗုံးနဲ့ တိုက်ခိုက်ခံရတယ်။ ဗုံးပေါက်ကွဲတာ အထိအခိုက်တွေတော့ ရှိတယ်။ ခု အထိအခိုက် စုံစမ်းနေဆဲပဲ” လို့ စစ်ကိုင်းမြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

စစ်အုပ်စုလော်ဘီတွေရဲ့ သတင်းဖော်ပြချက်တွေအရတော့ စစ်ကိုင်းမြို့၊ လဝကရုံးကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ဒီကနေ့ မနက်ပိုင်း ၁၁ နာရီခွဲမှာ ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့တာကြောင့် လဝကရုံးက ဝန်ထမ်း ငါးဦးနဲ့ မှတ်ပုံတင်လာလုပ်သူ ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး၊ ထိခိုက်ဒဏ်ရာရရှိသူတွေကိုတော့ စစ်ကိုင်းမြို့ဆေးရုံကြီးကို ချက်ချင်းပို့ဆောင်ပြီး ဆေးကုသမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

 

အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်ပြီး CJ Platform အနေနဲ့ ပေါက်ကွဲမှုဖြစ်စဉ်နဲ့ လူထိခိုက်မှုတွေရှိနေကြောင်းကိုသာ အတည်ပြုနိုင်ခဲ့ပေမယ့် အသေးစိတ်အခြေအနေကိုတော့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်