အယ်လ်နီညိုအန္တရာယ်နဲ့ မြန်မာ့မိုးလေဝသအလားအလာအပေါ် စိန်ခေါ်မှု
၂၀၂၆ ခုနှစ်၊ မေလကုန်ပိုင်းကစပြီး ကမ္ဘာ့ရာသီဥတုဖြစ်စဉ်တွေထဲက အရေးပါဆုံးဖြစ်တဲ့ ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ ရေထုနဲ့ လေထုလှုပ်ရှားမှု (ENSO) စနစ်ဟာ အလှည့်အပြောင်းတစ်ခုဆီ ဦးတည်ပြောင်းလဲနေပြီ ဖြစ်ပါတယ်။ အမေရိကန်အမျိုးသား သမုဒ္ဒရာနှင့် လေထုဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ (NOAA) ရဲ့ ရာသီဥတုခန့်မှန်းရေးစင်တာ ထုတ်ပြန်ချက်အရ “အယ်လ်နီညို” (El Niño) ဖြစ်စဉ်ဟာ အလွန်လျင်မြန်စွာ ကူးပြောင်းအားကောင်းလာနေပြီး လက်ရှိမှာ “El Niño Watch” (အယ်လ်နီညိုစောင့်ကြည့်ရမည့်အခြေအနေ) အဖြစ် စတင်သတ်မှတ်ထားပါတယ်။
အခုနှစ်အတွင်း အယ်လ်နီညိုအခြေအနေ မြင့်တက်လာမယ့်အပြင် အလွန်ပြင်းထန်တဲ့ အယ်လ်နီညိုလည်း ဖြစ်ပေါ်လာနိုင်တာကြောင့် မြန်မာနိုင်ငံရဲ့ လယ်ယာစိုက်ပျိုးရေး၊ ရေအရင်းအမြစ်နဲ့ လူမှုစီးပွားကဏ္ဍတွေအပေါ် ကာလတို၊ ကာလရှည် သက်ရောက်မှုတွေ ရှိလာနိုင်လို့ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ကြဖို့ အထူးလိုအပ်နေပါတယ်။
သမုဒ္ဒရာနဲ့ လေထုပိုင်းဆိုင်ရာ တိုင်းတာချက်
ပစိဖိတ်သမုဒ္ဒရာအလယ်ပိုင်းနဲ့ အရှေ့ပိုင်း (Niño 3.4 ဒေသ) တလျှောက်မှာ ပင်လယ်ရေမျက်နှာပြင်အပူချိန်ဟာ ပုံမှန်ထက် +0.5∘C မှ +0.9∘C ဝန်းကျင်အထိ မြင့်တက်နေပြီး အယ်လ်နီညိုစံနှုန်းကို စတင်ကျော်လွန်နေပါတယ်။ ရေအောက်ကီလိုမီတာ ၁၀၀ မှ ၁၅၀ အနက်ရှိ အပူချိန်ပြပုံများအရလည်း ရေနွေးလှိုင်း (Downwelling Kelvin Wave) ကြောင့် ရေအောက်ပိုင်းမှာ ပုံမှန်ထက် 6∘C ခန့်အထိ ပိုမိုပူနွေးနေပါတယ်။ လေထုစနစ်တစ်ခုလုံးက အယ်လ်နီညိုဖြစ်စဉ်ကို အပြည့်အဝ တုံ့ပြန်နေပြီး လာမည့် မေ၊ ဇွန်၊ ဇူလိုင်အတွင်း အယ်လ်နီညို စတင်ဖြစ်ပေါ်ရန် ဖြစ်နိုင်ခြေ ၈၂ ရာခိုင်နှုန်းမှ ၉၈ ရာခိုင်နှုန်းအထိ ရှိနေသလို၊ ယခု ၂၀၂၆ ခုနှစ် နှစ်ကုန်ပိုင်းကနေ ၂၀၂၇ ခုနှစ် ဖေဖော်ဝါရီလအထိ ဆက်လက်တည်ရှိနေဖို့ ၉၆ ရာခိုင်နှုန်းခန့် သေချာသလောက် ရှိနေပါတယ်။
အတိတ်သမိုင်း သင်ခန်းစာတွေ
မြန်မာ့မိုးလေဝသသမိုင်းမှာ ပြင်းထန်တဲ့ အယ်လ်နီညိုကြောင့် ထူးခြားစွာ ပူပြင်းခြောက်သွေ့တာ၊ မိုးခေါင်ရေရှားတာတွေကို ပြင်းထန်စွာ ခံစားခဲ့ရဖူးပါတယ်။
၁၉၉၇-၁၉၉၈ ခုနှစ်နဲ့ ၂၀၁၅-၂၀၁၆ ခုနှစ်ဟာ အပြင်းထန်ဆုံးနှစ်တွေအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ပင်လယ်ရေမျက်နှာပြင်အပူချိန်ဟာ ပုံမှန်ထက် +2.4∘C မှ +2.6∘C ဝန်းကျင်အထိ မြင့်တက်ကာ အလွန်ပြင်းထန်သည့်အဆင့် (Super El Niño) သို့ ရောက်ရှိခဲ့ပါတယ်။ အိန္ဒိယနီညို (Positive IOD) နဲ့ တစ်ပြိုင်တည်း ပေါင်းစပ်သွားတာကြောင့် မုတ်သုံလေဝင်ရောက်မှု ရက်သတ္တပတ်များစွာ နောက်ကျခဲ့ပါတယ်။ ၁၉၉၈ ခုနှစ်တွင် မိုးဦးနှင့် မိုးလယ်မှာ မိုးရွာသွန်းမှု အလွန်နည်းခဲ့သော်လည်း မိုးနှောင်းကာလ အောက်တိုဘာလထဲမှာ လာနီညာဘက်သို့ အကူးအပြောင်းမြန်ခဲ့လို့ ရုတ်တရက် မိုးသည်းထန်ကာ ရေကြီးမြေပြိုမှုများ ပြောင်းပြန်ခံစားခဲ့ရပါတယ်။
၂၀၁၀ ပြည့်နှစ်မှာတော့ ရက်ရှည်မိုးပြတ်လို့ မိုးစပါးပျိုးထောင်ချိန် နောက်ကျခဲ့ပြီး ဆည်ကြီး၊ ကန်ကြီးများအတွင်း မိုးရေဝင်ရောက်မှု သမိုင်းဝင်လျော့နည်းခဲ့တာကြောင့် နောက်တစ်နှစ် နွေစပါးစိုက်ဧကတွေ လျှော့ချခဲ့ရပါတယ်။ မိုးနှောင်းကာလ အောက်တိုဘာလမှာတော့ အလွန်ပြင်းထန်တဲ့ ဆိုင်ကလုန်းမုန်တိုင်း “ဂီရိ” ရခိုင်ကမ်းရိုးတန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။
၂၀၁၆ ခုနှစ်မှာတော့ မြန်မာပြည်အလယ်ပိုင်း မိုးနည်းရပ်ဝန်း၊ ကရင်နီပြည် လွိုင်ကော်ဝန်းကျင်နဲ့ ရှမ်းပြည်တို့မှာ မိုးရေချိန် ၃၀ ရာခိုင်နှုန်းကျော် လျော့နည်းခဲ့ပါတယ်။ မကွေးတိုင်း၊ ချောက်မြို့မှာ အမြင့်ဆုံးအပူချိန် 48.2∘C အထိ စံချိန်တင်မြင့်တက်ခဲ့ပြီး အဝီစိတွင်းများပါ ခန်းခြောက်ခဲ့ပါတယ်။
၂၀၁၉ ခုနှစ်မှာတော့ မုတ်သုံလေ စောစီးစွာဆုတ်ခွာသွားလို့ မိုးရာသီသက်တမ်း တိုတောင်းခဲ့ပြီး ဧရာဝတီမြစ်နဲ့ ချင်းတွင်းမြစ်ရေများ စိုးရိမ်ရေမှတ်အထက် မရောက်ရှိခဲ့ဘဲ ရေလမ်းခရီး အခက်အခဲဖြစ်ခဲ့ပါတယ်။
၂၀၂၃-၂၀၂၄ ခုနှစ်မှာတော့ နွေရာသီမှာ အပူရှိန်အဆမတန်မြင့်တက်ခဲ့ပြီး၊ ၂၀၂၄ ခုနှစ် ဩဂုတ်လနောက်ပိုင်း လာနီညာသို့ လျင်မြန်စွာကူးပြောင်းမှုကြောင့် စက်တင်ဘာလအတွင်း တိုင်ဖွန်းမုန်တိုင်း “ရာဂီ” အရှိန်ဖြင့် နေပြည်တော်၊ ကလောနဲ့ ရှမ်းပြည်တောင်ပိုင်းတို့မှာ သမိုင်းတစ်လျှောက် မကြုံစဖူး မိုးသည်းထန်စွာရွာသွန်းပြီး အကြီးအကျယ် ရေကြီးမြေပြိုမှုများ ဖြစ်ပွားခဲ့ပါတယ်။ ဒီအတိတ်တွေကို သင်ခန်းစာယူနိုင်ဖို့ လိုအပ်ပါတယ်။
မြန်မာ့မိုးလေဝသအလားအလာနဲ့ စိန်ခေါ်မှု
အတိတ်ဖြစ်စဉ်တွေအရ အယ်လ်နီညိုနှစ်တွေဟာ မိုးဦးနဲ့ မိုးလယ်မှာ မိုးခေါင်ခြောက်သွေ့စေပြီး၊ မိုးနှောင်းကာလမှာ လာနီညာဘက်ကို အကူးအပြောင်းမြန်ပါက မမျှော်လင့်ဘဲ ရုတ်တရက် မိုးကြီးရေလျှံခြင်းတွေ ဖြစ်ပေါ်တတ်ပါတယ်။
လက်ရှိ ဇွန်လနဲ့ ဇူလိုင်လ မိုးဦးကာလတွေမှာ ဘင်္ဂလားပင်လယ်အော်အတွင်း မုတ်သုံလေအရှိန် လျော့နည်းသွားတတ်ပြီး ပြည်နယ်နဲ့ တိုင်းအများစုမှာ မိုးရွာရက်နဲ့ မိုးရေချိန် လျော့နည်းနိုင်ပါတယ်။ မိုးလယ်နဲ့ မိုးနှောင်းကာလတွေဖြစ်တဲ့ ဩဂုတ်လနဲ့ စက်တင်ဘာလတွေမှာလည်း အိန္ဒိယနီညို (IOD) မြင့်တက်လာနိုင်တာကြောင့် ရက်ရှည်မိုးပြတ်ခြင်းတွေ ကြုံတွေ့ရနိုင်ပြီး မကွေးတိုင်း၊ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတို့မှာ စိုက်ပျိုးရေ အကျပ်အတည်းများ စတင်ရင်ဆိုင်ရနိုင်ပါတယ်။
ဘင်္ဂလားပင်လယ်အော်အတွင်း မုန်တိုင်းဖြစ်ထွန်းမှု နည်းပါးနိုင်ခြင်းကြောင့် အောက်တိုဘာလနဲ့ နိုဝင်ဘာလတွေမှာ မုတ်သုံလေ စောစီးစွာ ဆုတ်ခွာသွားနိုင်ကာ ဆောင်းအအေးဓာတ် ဝင်ရောက်မှု နောက်ကျနိုင်ပါတယ်။ အယ်လ်နီညိုသက်ရောက်မှုဟာ ၂၀၂၆ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၇ ခုနှစ် ဖေဖော်ဝါရီလအထိ ပိုမိုအားကောင်းလာနိုင်တာကြောင့် ဆောင်းရာသီပူနွေးပြီး ဆောင်းသီးနှံတွေဖြစ်တဲ့ ဂျုံ၊ အာလူးနှင့် ပဲမျိုးစုံတို့၏ အထွက်နှုန်းကို စိန်ခေါ်မှု ဖြစ်စေနိုင်ပါတယ်။
အကြီးမားဆုံး အကျိုးဆက်အနေနဲ့ ၂၀၂၇ ခုနှစ် မတ်လမှ မေလအထိ နွေရာသီကာလမှာ ပြင်းထန်တဲ့ အပူလှိုင်းတွေ ဆက်တိုက်ဖြတ်သန်းကာ ရေတွင်းရေကန်တွေ စောစီးစွာ ခန်းခြောက်တာ၊ မြစ်ရေဆည်ရေ လျော့နည်းတာတွေကြောင့် သောက်သုံးရေပြတ်လတ်မှုနှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကဏ္ဍများတွင် အခက်အခဲကြီးမားစွာ ကြုံတွေ့ရနိုင်ပါတယ်။
ဒါ့ကြောင့် တောင်သူလယ်သမားကြီးတွေနဲ့ သက်ဆိုင်ရာကဏ္ဍတွေအနေနဲ့ အခုနှစ် မိုးရာသီအတွင်း ရေရရှိနိုင်မှု အကန့်အသတ်တွေကို ကြိုတင်တွက်ဆပြီး ရာသီဥတုနဲ့ ကိုက်ညီမယ့် သီးနှံပုံစံပြောင်းလဲတာ၊ စိုက်ပျိုးရေကို စနစ်တကျ ခြိုးခြံချွေတာတာနဲ့ သောက်သုံးရေ အကျပ်အတည်း မဖြစ်စေဖို့ ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းတွေကို အလေးဂရုပြု ဆောင်ရွက်ကြရေး တိုက်တွန်းနှိုးဆော်အပ်ပါတယ်။
