ကချင်နဲ့ စစ်ကိုင်းအတွင်း ရှမ်းနီကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရရှိရေး စစ်အုပ်စုနှင့် SNA တို့ တွေ့ဆုံဆွေးနွေး

Author CJ Platform
Categories
Published on Jun 05, 2026

ကချင်ပြည်နဲ့ စစ်ကိုင်းတိုင်းအတွင်း ရှမ်းနီ (တိုင်းလျန်၊ တိုင်းလိုင်) တိုင်းရင်းသားတွေ နေထိုင်တဲ့ နယ်မြေတွေကို ဥပဒေနဲ့အညီ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရရှိဖို့ ရှမ်းနီအမျိုးသားများညီညွတ်ရေးအဖွဲ့ (SNA) နဲ့ စစ်အုပ်စုတို့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ စစ်အုပ်စုရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

 

မနေ့ ဇွန် ၄ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ တွေ့ဆုံဆွေးနွေးပွဲမှာ ရှမ်းနီအမျိုးသားများညီညွတ်ရေးအဖွဲ့ဘက်က အဆိုပါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရရှိရေး ကိစ္စရပ်တွေကို အဓိကထား ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

 

ဒါ့အပြင် ရှမ်းနီလူမျိုးတွေရဲ့ သမိုင်းကြောင်းအရ ပျံ့နှံ့နေထိုင်မှု၊ မှတ်ပုံတင်ပြုလုပ်ရာမှာ လူမျိုးအမည် အသုံးအနှုန်းတွေ မှန်ကန်ရေးနဲ့ ဒေသအသိအမှတ်ပြုရေး ကိစ္စရပ်တွေကို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ လွှတ်တော်ကို တင်ပြဆောင်ရွက်နိုင်မယ့် အခြေအနေတွေကို စစ်အုပ်စုရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဘက်က ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

 

အဲဒီ ဆွေးနွေးပွဲကို စစ်အုပ်စုရဲ့ ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင် နဲ့ ကော်မတီဝင်တွေ တက်ရောက်ခဲ့ပြီး ရှမ်းနီအမျိုးသားများညီညွတ်ရေးအဖွဲ့က ဒုတိယဥက္ကဋ္ဌ ( ၁ ) စဝ်စိုင်းကမ်၊ ဗဟိုကော်မတီဝင် စဝ်ဆေကောင်းဆိုင်၊ တွဲဖက်အတွင်းရေးမှူး စဝ်ဆေဝမ်းမှ၊ အလှည့်ကျဗဟိုကော်မတီဝင် စဝ်စိုင်းလင်းအောင် နဲ့ ဗဟိုအကြံပေး စဝ်ဆေအိုက်စိုင်းဟန် တို့ တက်ရောက်ခဲ့ကြပါတယ်။

 

ဆွေးနွေးပွဲမှာ ရှမ်းနီအမျိုးသားများညီညွတ်ရေးအဖွဲ့ အနေနဲ့ ဒေသတည်ငြိမ်ရေးနဲ့ နယ်မြေဖွံ့ဖြိုးရေး လုပ်ငန်းစဉ်တွေအတွက် စစ်အုပ်စုနဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်းကိုလည်း ပြောကြားခဲ့ပါတယ်။

 

ရှမ်းနီလူမျိုး (တိုင်းလျန်) တွေဟာ မြန်မာနိုင်ငံမြောက်ပိုင်းနဲ့ အနောက်မြောက်ပိုင်းဒေသတွေမှာ ပျံ့နှံ့နေထိုင်ကြတဲ့ တိုင်လူမျိုးစုဝင် တိုင်းရင်းသားတွေ ဖြစ်ပါတယ်။ ကချင်ပြည်နဲ့ စစ်ကိုင်းတိုင်းအတွင်းရှိ ချင်းတွင်းမြစ်ဝှမ်းနဲ့ ဧရာဝတီမြစ်ဝှမ်းတစ်လျှောက် အခြေချနေထိုင်ကြပြီး ကချင်ပြည်မှာ မိုးညှင်း၊ မိုးကောင်း၊ ဗန်းမော်၊ အင်းတော်ကြီး၊ မြစ်ကြီးနား၊ ဝိုင်းမော်၊ ဆင်ဘို၊ တာလောကြီး၊ ဟိုပင်၊ ဟောင်ပါး၊ လုံးခင်း၊ တာမခံ နဲ့ ဖားကန့်ဒေသ၊ စစ်ကိုင်းတိုင်းအတွင်းမှာ ကောလင်း၊ ဝန်းသို၊ ထီးချိုင့်၊ ပင်လည်ဘူး၊ အင်းတော်၊ ဗန်းမောက်၊ ကသာ၊ ကလေး၊ တမူး၊ မော်လိုက်၊ ဖောင်းပြင်၊ ဟုမ္မလင်း နဲ့ သောင်သွပ်ဒေသတွေမှာ အသီးသီး နေထိုင်ကြပါတယ်။

 

ဓာတ်ပုံ – Pro-SAC