မြောက်ဥက္ကလာပဆေးရုံကြီးက မသာပွဲစားများကို အရေးယူမည်ဟု ဆေးရုံဘက်က ထုတ်ပြန်

Author CJ Platform
Categories
Published on Jun 04, 2026

လူတွေ ပူဆွေးသောကရောက်နေချိန်မှာ အလောင်းထုတ်ဖို့အတွက် နည်းမျိုးစုံနဲ့ ငွေကြေးအဆမတန် တောင်းခံနေတဲ့ မြောက်ဥက္ကလာပဆေးရုံကြီး ရင်ခွဲရုံက ဝန်ထမ်းတွေနဲ့ မသာပွဲစားတွေကို အရေးယူသွားမယ်လို့ ဇွန် ၃ ရက်နေ့က ပရဟိတအသင်းအဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးမှုအပြီးမှာ ဆေးရုံဘက်က ထုတ်ပြန်ပါတယ်။

 

မေလ ၃၀ ရက်က မြောက်ဒဂုံမြို့နယ်၊ ဦးဝီစာရလမ်းပေါ်မှာ ပလုံကောက်တဲ့ သားအမိနှစ်ယောက် ယာဉ်တိုက်ခံရပြီး မိခင်ဖြစ်သူ သေဆုံးခဲ့ရာမှာ လူမှုကူညီရေးအသင်းတွေက သင်္ဂြိုဟ်ပေးဖို့ အလောင်းထုတ်ယူရာမှာ ရင်ခွဲရုံဝန်ထမ်းတွေက ငွေကြေးအဆမတန် တောင်းခံတဲ့ ရုပ်သံ လူမှုကွန်ရက်မှာ ပျံ့နှံ့ပြီးနောက် အခုလို ထုတ်ပြန်လာတာပါ။

 

“မရှိလို့ ပလုံကောက်စားတယ်။ ကံအကြောင်းမလှလို့ ယာဉ်တိုက်ခံရပြီး သေတယ်။ မိသားစုက ချို့တဲ့လို့ လူမှုကူညီရေးအသင်းတွေက ကူညီတယ်။ ဒါကို ရင်ခွဲရုံက မသာပွဲစားတွေက ငွေတောင်းတယ်။ မရတော့ နည်းမျိုးစုံနဲ့ ရစ်တယ်။ နာရေးဖြစ်နေတဲ့အချိန် မသာပါးစပ်ထဲက ရသလောက်နှိုက်ယူသလို ဖြစ်နေတယ်” လို့ ပရဟိတလုပ်ဆောင်သူတစ်ဦးက ဝေဖန်ပြောဆိုပါတယ်။

 

ရန်ကုန်ဆေးရုံကြီးမှာလည်း ရင်ခွဲရုံဝန်ထမ်းတွေက အကြောင်းအမျိုးမျိုးကြောင့် သေဆုံးသူတွေရဲ့ အလောင်းထုတ်ရာမှာ သင်္ဂြိုဟ်ပြီးစီးတဲ့အထိ တာဝန်ယူလုပ်ဆောင်ပေးမယ်ဆိုကာ ငွေကြေးအဆမတန် တောင်းခံပြီး လိုက်လျောမှုမရှိပါက နာရေးရှင်ကို ဒုက္ခပေးတာမျိုး ကြုံတွေ့ရတယ်လို့ ကိုယ်တိုင်ကြုံတွေ့ရသူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“ကျနော့်တူမလေး ရေနစ်သေတော့ ရန်ကုန်ဆေးရုံကြီး ရင်ခွဲရုံမှာ အလောင်းသွားထုတ်ရတယ်။ သင်္ဂြိုဟ်အပြီးအစီး ၃ သိန်းကျမယ်ပြောတယ်။ မပြေလည်တဲ့မိသားစုမို့ ကိုယ့်အစီအစဉ်နဲ့ကိုယ် သင်္ဂြိုဟ်မယ်ပြောတော့ သေစာရင်းလုပ်တာမှားတယ်ဆိုပြီး ၆ ခေါက်လောက် ပြန်လုပ်ခိုင်းတယ်။ အဲ့ဒီတုန်းက မျက်ရည်ပိုးပိုးပေါက်ပေါက်ကျတယ်။ မြောက်ဥက္ကလာက ငွေတောင်းကြမ်းတယ်ဆိုတာ ရန်ကုန်ဆေးရုံကြီးကို မမီဘူး” လို့ ရှင်းပြပါတယ်။

 

အက်ဒီးဒန့်ဖြစ်လို့ သေဆုံးသူတွေ ငွေကြေးပေးရသလို ရပ်ကွက်အတွင်း နေထိုင်သူများ သေဆုံးပါက သေစာရင်းရရှိဖို့အတွက် ငါးသောင်းမှ ရှစ်သောင်းအထိ ကုန်ကျစရိတ်ရှိတယ်လို့ လှိုင်သာယာမြို့ခံတစ်ဦးက ဆိုပါတယ်။

 

“ရပ်ကွက်ထဲမှာ လူတစ်ယောက်သေလို့ ပရဟိတသမားတွေနဲ့ မချိတ်ဆက်မိလို့ ကိုယ်ဘာသာ သေစာရင်းလုပ်ရင် အနည်းဆုံး ငါးသောင်းကနေ ရှစ်သောင်းအထိ ကုန်တယ်။ ဧည့်စာရင်းမတိုင်မိဘူးဆိုရင် ရပ်ကွက်ရုံးကို နှစ်သောင်းပေးရတယ်။ ရဲစခန်းလည်း ပေးရတယ်။ ဆေးမှတ်တမ်းမရှိရင် ဆေးရုံကို ငါးသောင်းပေးရတယ်” လို့ ပြောပါတယ်။

 

အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတစ်ဝန်း ကုန်ဈေးနှုန်းကြီးမြင့်မှု၊ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးမှုနဲ့ အိမ်လခဈေးနှုန်း မြင့်တက်မှုတွေကြောင့် နေထိုင်ရခက်ခဲသလို သေဆုံးတဲ့အခါမှာလည်း သေစာရင်းရဖို့ မလွယ်ကူတာကြောင့် ပြည်သူတွေဟာ အသေကျပ် အနေကျပ် ဘဝနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

 

ဓာတ်ပုံ – ဦးထွန်းမြတ်