Lida စက်ရုံမှာ အလုပ်သမားတွေကို ဆဲဆိုသူကို အရေးယူပေးဖို့ စုပေါင်းတောင်းဆို

Author CJ Platform
Categories
Published on Jun 04, 2026

ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်ရှိ Lida အထည်ချုပ်စက်ရုံမှာ အလုပ်သမားတွေကို ဆဲရေးတိုင်းထွာခဲ့တဲ့ All Super ကို အရေးယူပေးဖို့ အလုပ်သမားတွေ စုပေါင်းတောင်းဆိုနေပေမဲ့ ပြေလည်မှုမရသေးဘူးလို့ အလုပ်သမားတွေကို ကူညီပေးနေတဲ့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (STUM) ထံက သိရပါတယ်။

 

ဖြစ်စဉ်က စက်ရုံက ကုန်ထုတ်လုပ်မှုမန်နေဂျာနဲ့ All Super တို့က စနေနေ့ညမှာ အချိန်ပို (ညလုံးပေါက်) ဆင်းဖို့ ပြောတာကို အလုပ်သမားတွေ လက်မခံတဲ့အတွက် ဆဲရေးတိုင်းထွာခဲ့တာလို့ ဆိုပါတယ်။

 

အဲဒီလို ဆဲဆိုခံရတဲ့ စက်လိုင်းက အလုပ်သမား ၁၀၆ ဦးက မကျေနပ်လို့ သူတို့ ၂ ဦးကို အရေးယူပေးဖို့ ဇွန်လ ၁ ရက်မှာ စတင်တောင်းဆိုခဲ့ပြီး၊ ဇွန်လ ၄ ရက်မှာ နောက်ထပ် အလုပ်သမား ၆၀ လောက် ထပ်ဝင်ပူးပေါင်းခဲ့တယ်လို့ STUM က အသိပေးထားပါတယ်။

 

အလုပ်သမားတွေက ဆဲဆိုတာ၊ နှိပ်စက်တာတွေ လုပ်နေသူကို ရာထူးကဖယ်ရှားဖို့ ဒါမှမဟုတ် အလုပ်ထုတ်ပေးဖို့ လက်မှတ်ထိုးတောင်းဆိုထားသလို လုပ်ငန်းခွင်ထဲမှာလည်း စုပေါင်းတောင်းဆိုနေကြပါတယ်။

 

ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး စက်ရုံတွင်း အလုပ်သမားညှိနှိုင်းရေးကော်မတီ (WCC) နဲ့ ညှိနှိုင်းခဲ့ပေမဲ့ WCC က အဆင့်လျှော့ချပြောင်းလဲဖို့ ဆွေးနွေးတာကို အလုပ်ရှင်ဘက်က လက်မခံခဲ့ဘူးလို့ အလုပ်သမားတစ်ဦးက ပြောပါတယ်။

 

“အလုပ်ရှင်က သူလူကို လုံးဝအထိမခံဘူး။ ကာဗာအပြည့်ပေးထားပြီး တင်းခံနေတယ်” လို့ သူက ဆိုပါတယ်။

 

အလုပ်ရှင်ဘက်က ‘နောက်ဆုံးသတိပေးချက်’ (Last Warning) ပဲ ပေးမှာဖြစ်ပြီး တောင်းဆိုနေတဲ့ အလုပ်သမားတွေက လက်ခံပေးရမယ်လို့ ဖိအားပေးလာတယ်လို့ သိရပါတယ်။

 

လက်ရှိမှာ အလုပ်ရှင်၊ အလုပ်သမားနဲ့ သက်ဆိုင်ရာ အလုပ်သမားဌာနတို့ နှစ်ကြိမ်ရုံးချိန်းယူ ညှိနှိုင်းခဲ့ပေမဲ့ ပြေလည်မှုမရသေးတဲ့အတွက် ရွှေပြည်သာမြို့နယ် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန (အလည) မှာ ထပ်ပြီး တွေ့ဆုံဆွေးနွေးဖို့ ရှိနေပါတယ်။

 

Lida အထည်ချုပ်စက်ရုံမှာ ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့အခြေစိုက် ကုန်အမှတ်တံဆိပ် Splash (Splash Fashions) အထည်တွေကို ချုပ်လုပ်နေတာလို့ အလုပ်သမားတွေဆီက သိရပါတယ်။