စစ်ကိုင်းတိုင်းအတွင်းက နယ်မြေ ၇၀ ရာခိုင်နှုန်းခန့်အထိ စစ်အုပ်စု အုပ်ချုပ်ရေးယန္တရား မလည်ပတ်နိုင်

Author CJ Platform
Categories
Published on Jun 04, 2026

စစ်ကိုင်းတိုင်းအတွင်းက ရပ်ကွက်၊ ကျေးရွာ ၂,၀၃၀ ကျော်ရှိရာမှာ စစ်အုပ်စုခန့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး ခန့်အပ်နိုင်မှု ၃၀ ရာခိုင်နှုန်းခန့်သာ ရှိတယ်လို့ CJ Platform က လက်ခံရရှိထားတဲ့ စစ်အုပ်စုရဲ့ ကန့်သတ်ပေါက်ကြားစာတွေအရ သိရပါတယ်။

 

စစ်အုပ်စုဆီက ထွက်ပေါ်လာတဲ့ ပေါက်ကြားစာတွေရဲ့ ဖော်ပြချက်အရ စစ်အာဏာသိမ်းချိန်ကနေ ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်အထိ စစ်ကိုင်းတိုင်းအတွင်းက ကျေးရွာပေါင်း ၂,၀၀၀ ကျော်မှာ အုပ်ချုပ်ရေးမှူး ၁,၆၀၀ ကျော်အထိ ခန့်အပ်နိုင်ခဲ့ပေမဲ့ အမှန်တကယ် အပြည့်အဝ တာဝန်ထမ်းဆောင်နေတဲ့နေရာဟာ ၆၂၀ ကျော်သာ ရှိနေတယ်လို့ သိရပါတယ်။

 

စစ်အုပ်စု အုပ်ချုပ်ရေးယန္တရားအတွက် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး ခန့်အပ်မှုတွေထဲမှာ စစ်ကိုင်းခရိုင်အတွင်းက စစ်ကိုင်း၊ မြင်းမူ၊ မြောင်မြို့နယ်တွေမှာ စာရင်းရှိ ရပ်ကွက်/ကျေးရွာ ၁၉၄ နေရာကို ခန့်အပ်နိုင်ခဲ့ပေမဲ့ အပြည့်အဝ တာဝန်ထမ်းဆောင်နိုင်မှုဟာ ၇၂ နေရာသာ ရှိနေပါတယ်။ 

 

“စစ်ကိုင်းမြို့နယ်မှာဆို မြို့ပေါ်နဲ့ တချို့နေရာတွေလောက်ပဲ ကျန်တာ၊ ထက်ဝက်ကျော်က သူတို့ လုပ်နိုင်တာမရှိဘူး။ မြို့ပေါ် ရပ်ကွက်တွေနဲ့ သူတို့နဲ့ ပူးပေါင်းတဲ့ နေရာတချို့သာ သူတို့ လည်ပတ်နိုင်တာပါ” လို့ စစ်ကိုင်းမြို့နယ် ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

မုံရွာခရိုင်အတွင်းက မုံရွာ၊ ချောင်းဦး၊ ဘုတလင်၊ အရာတော် စတဲ့ မြို့နယ်တွေမှာ စာရင်းရှိ ကျေးရွာတွေရဲ့ ၁၈၉ နေရာကို အုပ်ချုပ်ရေး တာဝန်ရှိသူတွေ ခန့်အပ်နိုင်ခဲ့ပြီး အပြည့်အဝ တာဝန်ထမ်းဆောင်နိုင်မှုဟာ ၄၆ နေရာသာ ရှိခဲ့ပါတယ်။ ယင်းမာပင်ခရိုင်က ယင်းမာပင်၊ ဆားလင်းကြီး၊ ပုလဲနဲ့ ကနီမြို့နယ်အတွင်းမှာ စာရင်းရှိ ၇၆ နေရာ ခန့်အပ်နိုင်ခဲ့ပေမဲ့ အပြည့်အဝ တာဝန်ထမ်းဆောင်နိုင်ခြင်း ၂၆ နေရာသာ ရှိခဲ့ပါတယ်။ ရွှေဘိုခရိုင်မှာ စာရင်းရှိ ၁၉၇ နေရာကို ခန့်အပ်နိုင်ခဲ့ပြီး အပြည့်အဝ တာဝန်ထမ်းဆောင်နိုင်မှုဟာ ၁၆ နေရာခန့်သာ ရှိနေခဲ့ပါတယ်။

 

ရေဦး၊ တန့်ဆည်နဲ့ ဒီပဲယင်းမြို့နယ်တွေ ပါဝင်တဲ့ ရေဦးခရိုင်အတွင်းမှာတော့ စာရင်းရှိ ၁၇၂ နေရာမှာ ခန့်အပ်နိုင်ခဲ့ပေမဲ့ အပြည့်အဝ တာဝန်ထမ်းဆောင်တဲ့နေရာဟာ ၁၂ နေရာသာ ရှိခဲ့ပါတယ်။ “တန့်ဆည်မှာက လက်ရှိ သူတို့ အထိုင်ချနေတဲ့နေရာ ၇ ခုလောက်သာ လက်လွတ်ထားရတာ၊ ကျန်တဲ့နေရာ တော်တော်များများက တော်လှန်ရေး စိုးမိုးထားတယ်လို့ ပြောရမယ်။ အချို့နေရာတွေက သူ့ဘက်ရော ကိုယ့်ဘက်ရော မရှိဘူး၊ ရွာပျက်လို ဖြစ်သွားတဲ့ နေရာတွေ ရှိတယ်” လို့ တန့်ဆည်မြို့နယ် ဒေသခံ တစ်ဦးက ပြောပါတယ်။

 

ကန့်ဘလူခရိုင်မှာ စာရင်းရှိ ၇၇ နေရာ၊ ကသာခရိုင်မှာ ၁၄၂ နေရာ၊ ကောလင်းခရိုင်မှာ ၉၀ ခန့် ခန့်အပ်နိုင်ခဲ့ပေမဲ့ အပြည့်အဝ တာဝန်ထမ်းဆောင်နိုင်မှုမှာ အသီးသီး ၄၇ နေရာ၊ ၁၁ နေရာနဲ့ ၁၀ နေရာသာ ရှိခဲ့ပါတယ်။ ကလေးခရိုင်အတွင်းမှာတော့ ၁၃၅ နေရာ ခန့်အပ်နိုင်ခဲ့ပြီး အပြည့်အဝ တာဝန်ထမ်းဆောင်မှု ၆၁ နေရာ ရှိခဲ့ပါတယ်။ 

 

“၂၀၂၅ နှစ်ကုန်ခါနီးမှာ တော်လှန်ရေး ယန္တရားက ရာနှုန်းပြည့် မလည်ပတ်နိုင်တော့ဘူး။ အရင်တုန်းကတော့ ကလေးမြို့ပေါ်တွေလောက်ပဲ သူတို့ (စစ်အုပ်စု) ယန္တရား လည်ပတ်နိုင်တာ၊ ခုက ရွာကြီး တော်တော်များများ ပြန်ပေးထားရတဲ့ အနေအထား ရှိတယ်” လို့ ကလေးမြို့နယ် ဒေသခံ တစ်ဦးက ပြောပါတယ်။

 

တမူးခရိုင်မှာ စာရင်းရှိ ၃၄ နေရာ၊ မော်လိုက်ခရိုင်မှာ ၇၁ နေရာ၊ ခန္တီးခရိုင်မှာ ၃၂ နေရာ ခန့်အပ်နိုင်ခဲ့ပြီး အပြည့်အဝ တာဝန်ထမ်းဆောင်နိုင်မှုမှာ ၅ နေရာ၊ ၄၆ နေရာနဲ့ ၃၂ နေရာအသီးသီး ရှိခဲ့ပါတယ်။ ဟုမ္မလင်းခရိုင်မှာ ၈၅ နေရာ ခန့်အပ်နိုင်ခဲ့ပြီး ၆၉ နေရာ၊ နာဂဒေသမှာတော့ ၁၂၉ နေရာ ခန့်အပ်ပြီး အပြည့်အဝ တာဝန်ထမ်းဆောင်နိုင်ခဲ့တယ်လို့ စစ်အုပ်စုရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

 

စစ်အုပ်စုရဲ့ စာရင်းဇယားတွေအရ စစ်ကိုင်းတိုင်းအတွင်းက စာရင်းရှိ ၂,၀၃၀ ကျော်မှာ စစ်အုပ်စုရဲ့ လည်ပတ်နိုင်မှုဟာ ၃၀.၅၃ ရာခိုင်နှုန်းသာ အပြည့်အဝ လည်ပတ်နိုင်ပြီး ကျန်တဲ့ ၆၉.၄၇ ရာခိုင်နှုန်းဟာ တော်လှန်ရေးအဖွဲ့တွေရဲ့ စိုးမိုးမှုတွေကြောင့် တဝက်တပြတ် ရပ်တန့်သွားခြင်း၊ နှုတ်ထွက်သွားတာတွေနဲ့ လုံးဝ မလုပ်ဆောင်နိုင်တဲ့ အခြေအနေတွေ ရှိနေခဲ့ပါတယ်။

 

စစ်ကိုင်းတိုင်းအတွင်းမှာ စစ်အာဏာရှင် ခုခံတော်လှန်စစ် အပြင်းထန်ဆုံး ဒေသတွေထဲက တစ်ခုဖြစ်ပြီး လက်နက်ကိုင် အုပ်ချုပ်ရေးမှူးတွေနဲ့ တော်လှန်ရေး တပ်ဖွဲ့တွေကြား ထိပ်တိုက်တွေ့ဆုံ ပစ်ခတ်မှုတွေ မကြာခဏ ဖြစ်ပေါ်လေ့ရှိပါတယ်။ စစ်ကိုင်းတိုင်းအတွင်း မြို့နယ်အများစုကို တော်လှန်ရေး တပ်ဖွဲ့တွေက စိုးမိုးထားသလို လွတ်မြောက်နယ်မြေတွေ ဖော်ဆောင်ထားပြီး စစ်အုပ်စုရဲ့ အထိုင်ချ စစ်စခန်းတွေကိုလည်း ဆက်လက် ဝင်ရောက် တိုက်ခိုက်လျက်ရှိရာ စစ်အုပ်စုဟာ မြေပြင် ပြန်လည် စိုးမိုးနိုင်ရေးအတွက် ထိုးစစ်ဆင်တာနဲ့ လေကြောင်း တိုက်ခိုက်တာတွေကို လုပ်ဆောင်နေပါတယ်။

 

ပုံစာ – ထီးချိုင့်မြို့နယ်အတွင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒေသခံပြည်သူများကို လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေး ဟောပြောစဉ် ( ပုံဟောင်း )