CDF Hualngoram တပ်ဖွဲ့က စစ်မှုထမ်းခေါ်ရာမှာ  ငွေကောက်ခံနေလို့  ဒေသခံတွေ အခက်တွေ့

Author CJ Platform
Categories
Published on Jun 04, 2026

ချင်းပြည် မြောက်ပိုင်း၊ ဟွာလ်းငိုးရမ်ဒေသအတွင်းမှာရှိတဲ့ ဒေသခံပြည်သူတွေကို CDF Hualngoram တပ်ဖွဲ့က အတင်းအဓမ္မ စစ်မှုထမ်းမလုပ်လိုလျှင် တစ်လကို တစ်အိမ်ထောင်လျှင် ငွေကျပ် ၄၀,၀၀၀ နှုန်း ကောက်ခံနေတာကြောင့် ဒေသခံတွေ အခက်အခဲနဲ့ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

 

ဒါဟာ ပြီးခဲ့တဲ့ မတ်လတုန်းက ချင်းပြည် (Chinland) ကောင်စီနဲ့ ချင်းလဲန်းအစိုးရတို့ရဲ့ စစ်မှုမထမ်းမနေရ ကြေညာချက် ထွက်လာပြီးနောက်ပိုင်း ဟွာလ်းငိုးရမ်ဒေသဘက်မှာ အသက် ၁၆ နှစ်ကနေ ၃၅ နှစ်အတွင်းရှိတဲ့ ပြည်သူတွေကို အတင်းအဓမ္မ ဖမ်းဆီးတာမျိုးတွေ မလုပ်ချင်တာကြောင့် ရပ်မိရပ်ဖတွေနဲ့ ညီလာခံခေါ်ပြီး ဆွေးနွေးခဲ့ကြတာဖြစ်တယ်လို့ CDF Hualngoram ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

 

အဲဒီညီလာခံရဲ့ ဆုံးဖြတ်ချက်အရ ရှေ့တန်းမှာ အမျိုးသားရေးတာဝန် ထမ်းဆောင်နေတဲ့သူတွေကို ထောက်ပံ့ကြေး ပေးနိုင်ဖို့အတွက် ဒေသတွင်းက အိမ်ထောင်စုတွေကို တစ်လကို နှစ်ရက်စာ လုပ်အားခနဲ့ ညီမျှတဲ့ ငွေကျပ် ၄၀,၀၀၀ စီ ထည့်ဝင်ဖို့ သတ်မှတ်ခဲ့ပြီး ဧပြီလကစလို့ ကောက်ခံခဲ့တာဖြစ်ကြောင်း သိရပါတယ်။

 

“ကျွန်တော်တို့က အဲဒါကို အတင်းအဓမ္မ ကောက်တာမဟုတ်ပါဘူး။ ကျွန်တော်တို့ ညီလာခံခေါ်ပြီးတော့ ရွာတိုင်းကလာတဲ့ လူကြီးတွေက National Service မှာ တာဝန်ထမ်းဆောင်တဲ့ လူတွေကို ထောက်ပံ့ကြေး ပေးမယ်ဆိုပြီး ပြောတယ်။ အဲဒီအချိန်တုန်းက တချို့မြို့နယ်၊ တချို့ဒေသတွေမှာ ဖမ်းဆီးတာတွေ အများကြီးရှိပါတယ်။ အဲဒီလိုမျိုး ဖမ်းဆီးမဲ့အစား တတ်နိုင်သလောက် ထည့်ပြီးတော့ တစ်အိမ်ကို ငွေ ၄ သောင်းလောက် ထည့်ပြီးတော့ တာဝန်ထမ်းဆောင်နေတဲ့သူတွေကို ထောက်ပံ့ကြေး ပေးရအောင်ပေါ့နော်။ ကျွန်တော်တို့အနေနဲ့လည်း ကောက်လို့ရတဲ့လ၊ ပေးလို့ရတဲ့လမှာ ပေးမယ်ပေါ့နော်၊ လခရယ်မဟုတ်ဘဲနဲ့ ထောက်ပံ့ကြေးအနေနဲ့ အဲဒီလိုမျိုး ပေးမယ်။ Hualngo People’s Organization (HPO) အနေနဲ့ အတင်းအဓမ္မနဲ့ လုပ်တာမျိုး မရှိပါဘူး။ ဥပမာ- မုဆိုးမတွေ၊ ငွေမပေးချေနိုင်တဲ့ အိမ်ထောင်တွေလည်း အများကြီး ရှိမှာပါ၊ အဲဒါကိုတော့ အတင်းအဓမ္မ ကောက်တာမျိုး မရှိပါဘူး” လို့ CDF Hualngoram ပြောရေးဆိုခွင့်ရှိသူက CJ Platform ကို ပြောပါတယ်။

 

ဒါပေမဲ့ မြေပြင်မှာ ဒေသခံတွေဘက်ကတော့ လက်ရှိ စစ်အုပ်စု စစ်ကြောင်းတွေရဲ့ အန္တရာယ်ကြောင့် စစ်ဘေးရှောင်နေရတာ၊ အလုပ်အကိုင်တွေ မရှိတာတွေကြောင့် ငွေကျပ် ၄၀,၀၀၀ ကို လစဉ်ပုံမှန် ပေးဖို့ ရုန်းကန်နေရတယ်လို့ ဆိုပါတယ်။

 

ဒေသခံ အမျိုးသား တစ်ဦးက “အခုကာလက သိတဲ့အတိုင်းပဲ စစ်ကြောင်းတွေလာမယ်၊ အလုပ်လုပ်ဖို့လည်း မရှိဘူး၊ စစ်ရှောင်လိုက်နဲ့ ပိုက်ဆံက အဆင်မပြေဘူး။ အဲဒါကြောင့် CDF ဟွာလ်းငိုးရမ်တွေအနေနဲ့ အဲဒီလိုမျိုးတော့ မကောက်သင့်ဘူးလို့ ကျွန်တော့်အနေနဲ့ မြင်ပါတယ်။ တော်လှန်ရေးအတွက်ဆိုပြီး အလှူခံငွေပုံစံမျိုး သူတို့ဘက်က ကောက်ခံမယ်ဆိုရင်တော့ ကျွန်တော်အနေနဲ့ လက်ခံနိုင်ပါတယ်။ ဒါပေမဲ့ အခုဟာက သူတို့က ငွေ ၄ သောင်းကို အာဏာပုံစံမျိုးသုံးပြီး မဖြစ်မနေ ပေးရမယ်၊ မပေးရင် ဒီနယ်မြေက နေမောင်းထုတ်မယ်ဆိုတော့ အဆင်မပြေဘူးဗျ။ သူတို့ဘက်ကနေပြီးတော့ ကိုယ်အဆင်ပြေသလောက် ထည့်ပါဆိုရင်တော့ ကျွန်တော်တို့အတွက် တော်တော် အဆင်ပြေမှာပါခင်ဗျ” လို့ ပြောပါတယ်။

 

ဒီကိစ္စနဲ့ ပတ်သက်ပြီး CDF-Hualngoram ရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ အတင်းအဓမ္မ ဖိအားပေး ကောက်ခံနေတာ မဟုတ်ဘဲ ပြည်သူ့ညီလာခံ ဆုံးဖြတ်ချက်အတိုင်းပဲ လုပ်ဆောင်နေတာလို့ တုံ့ပြန် ငြင်းဆိုပါတယ်။

 

လက်ရှိမှာ တာဝန်ထမ်းဆောင်နေကြတဲ့ Local Administration Department (LAD) မှ တာဝန်ရှိသူတွေအနေနဲ့ သူတို့ ကျေးရွာအတွင်း ထောက်ပံ့ကြေး ပေးဆောင်နိုင်စွမ်းရှိသူတွေကို စိစစ်ရွေးချယ်သွားမှာ ဖြစ်ပြီး မုဆိုးမတွေနဲ့ ငွေကြေး မတတ်နိုင်တဲ့ အိမ်ထောင်စုတွေအပေါ် အတင်းအဓမ္မ ကောက်ခံတာ၊ ဖိအားပေး လုပ်ဆောင်တာမျိုး မရှိကြောင်း CDF Hualngoram ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

 

ဟွာလ်းငိုးရမ်ဒေသထဲမှာ ရွာပေါင်း ၅၈ ရွာရှိပြီး ဒေသတွင်းမှာ အခွန်ကောက်ခံတဲ့စနစ် မရှိဘဲ နယ်စပ်ကုန်သည်တွေဆီက ကုန်စည်အပေါ်  သုည ဒသမ ၂ ရာခိုင်နှုန်းနဲ့ မော်တော်ယာဉ်ကြီး၊ ယာဉ်ငယ်အလိုက် ဂိတ်ကြေး ကောက်ခံတာမျိုးပဲ ရှိတယ်လို့ ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောဆိုထားပါတယ်။

 

ချင်းပြည်၊ ဖလမ်းမြို့နယ်၊ ဟွာလ်းငိုးရမ်ဒေသ ရိဒ်ခေါဒါရ်မြို့ကို ချင်းပြည် (Chinland) ကောင်စီ မဟာမိတ်တပ်ဖွဲ့တွေက ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်မှာ တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး ချင်းပြည်ကောင်စီအဖွဲ့နဲ့ Hualngo People’s Organization (HPO) အဖွဲ့က ပြည်သူ့အုပ်ချုပ်ရေးကို ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

 

ဓာတ်ပုံ – CJ 

CJ 004

 

Related News

Depend on news