မကွေးတိုင်းအတွင်း တစ်လနီးပါးကာလအတွင်း တိုက်ပွဲပေါင်း ၄၀ ကျော် ဖြစ်ပွားပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃၀ ကျော် သေဆုံးကာ အရာရှိများ အပါအဝင် ၁၈ ဦး ဖမ်းဆီးရမိ

Author CJ Platform
Categories
Published on Jun 04, 2026

မကွေးတိုင်း စစ်ဌာနကွပ်ကဲမှုအောက်ရှိ စစ်ဆင်ရေး နယ်မြေအသီးသီးမှာ မေလနှင့် ဇွန်လ ပထမအပတ်အတွင်း စစ်အုပ်စုနဲ့ တော်လှန်ရေး တပ်ဖွဲ့တွေအကြား တိုက်ပွဲကြီးငယ်ပေါင်း ၄၃ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်အုပ်စု တပ်သား ၃၁ ဦး သေဆုံးကာ ၅၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF)၊ မကွေးတိုင်း စစ်ဌာနက ဒီကနေ့ ဇွန်လ ၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။

 

အဲဒီ တိုက်ပွဲတွေအတွင်း စစ်အုပ်စုတပ်ဘက်က ဗိုလ်မှူး ၁ ဦးနဲ့ ဗိုလ်ကြီး ၁ ဦး အပါအဝင် စစ်သုံ့ပန်း ၁၈ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

 

ပြီးခဲ့တဲ့ မေလ ၂၂ ရက်မှာ မိတ္ထီလာအခြေစိုက် တပ်မ ၉၉ မှ ချောက်မြို့ရှိ ကပစ-၂၁ ကို ထွက်ခွာလာတဲ့ စစ်အုပ်စု ယာဉ်တန်း ၅ စီးကို မကွေးခရိုင် စစ်ဌာနကွပ်ကဲမှုအောက်ရှိ တပ်ရင်းတွေက လက်နက်ငယ်တွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။ ဒါ့အပြင် မေလ ၂၆ ရက်မှာ ချောက်မြို့အခြေစိုက် ခလရ-၁၃ မှ ထွက်ခွာလာတဲ့ ခဲယမ်း သယ်ဆောင်လာတဲ့ ယာဉ် ၂ စီးကိုလည်း ခြုံခို တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ အလားတူပင် မေလ ၂၆ ရက်မှာ ဆိပ်ဖြူမြို့မှတစ်ဆင့် ကပစ-၂၁ ကို အင်အား ဖြည့်တင်းဖို့ ထွက်ခွာလာတဲ့ စစ်အုပ်စု ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုရဲ့ ယာဉ် ၂ စီး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

 

မေလ စတုတ္ထပတ်အတွင်းမှာလည်း ပုံတောင် တောင်ကြောမှတစ်ဆင့် ဂန့်ဂေါခရိုင်အတွင်း ဝင်ရောက်လာတဲ့ အင်အား ၁,၀၀၀ ခန့်ရှိ စစ်အုပ်စု စစ်ကြောင်းနဲ့ ယာယီ တပ်စခန်းတွေကို ပြည်သူ့ကာကွယ်ရေး တပ်မတော်က ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း၊ သရက်ခရိုင်အတွင်း စစ်ဆင်ရေး လှုပ်ရှားမှုအနေနဲ့လည်း သရက်ခရိုင် တပ်ရင်း (၃) က နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်စဉ် ခမရ (၅၉၉) စစ်ကြောင်းနဲ့ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုတပ် ဗိုလ်မှူး အောင်ဖြိုးဝေ၊ ဗိုလ်ကြီး ပြည့်စုံအောင် အပါအဝင် သုံ့ပန်းအချို့ကို ဖမ်းဆီးရမိကာ ပစ္စတို ၁၉ လက်၊ ကျည်အိမ် ၃၈ ခုနဲ့ ဖုန်း ၃ လုံးကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက် မေလ ၂၉ ရက်မှာ နတ်မောက် ဆက်သွယ်ရေးတပ်မှ ဒုတပ်ကြပ် ရန်နိုင်ကိုလည်း စစ်ဆင်ရေး နယ်မြေတစ်နေရာမှာ ဖမ်းဆီးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

လတ်တလော စစ်ရေး အခြေအနေအရ မနေ့က ဇွန်လ ၃ ရက်မှာ မင်းတုန်းမြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုတပ်နဲ့ သရက်ခရိုင် တပ်ရင်း (၄) တို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုတပ်ဘက်က သုံ့ပန်း ၁၅ ဦးနဲ့ သေနတ် ၁ လက်ကို သိမ်းပိုက် ရရှိခဲ့ကြောင်း မကွေးတိုင်း စစ်ဌာနက ထုတ်ပြန်ထားပါတယ်။

 

ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) အနေဖြင့် စစ်အုပ်စုတပ်ကို စစ်မျက်နှာ အသီးသီးမှာ ဆက်လက် တိုက်ပွဲဝင်လျက် ရှိရာ မိဘပြည်သူများ အနေဖြင့် တတ်စွမ်းသရွေ့ ကူညီဖေးမပေးကြရန် မကွေးတိုင်း စစ်ဌာနက မေတ္တာရပ်ခံထားပါတယ်။

 

ဓာတ်ပုံ – မကွေးတိုင်း စစ်ဌာန