တပ်ဂုဏ်သိက္ခာ ညှိနွမ်းစေမည့် လိင်မှုကိစ္စတွေ ပြင်ပသို့ မရောက်အောင် ထိန်းသိမ်းဖို့ စစ်တပ်က ညွှန်ကြား
အစဉ်အလာကောင်းပြီး ဂုဏ်သိက္ခာရှိတဲ့ တပ်မတော် ဖြစ်သည့်အတွက် တပ်တွင်း ဖြစ်ပေါ်နေသည့် လိင်မှုကိစ္စများကို လူမှုကွန်ရက်နဲ့ ပြင်ပကို မပေါက်ကြားစေရန် ထိန်းသိမ်းဖို့ ဇွန် ၁ ရက်က စစ်အုပ်စု လက်အောက်ခံ ကာကွယ်ရေး ဝန်ကြီးဌာနက တပ်ရင်းတွေကို ညွှန်ကြားထားတယ်လို့ သိရပါတယ်။
အမှတ် (၄) ဝန်တင်တပ်ရင်း ကိစ္စ လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့ပြီးနောက် မေလ ၃၁ ရက်မှာ ကာကွယ်ရေး ဝန်ကြီးဌာနမှာ တပ်မမှူးများနဲ့ တပ်ရင်းမှူးများကို အစည်းအဝေးလုပ်ကာ အဲဒီ ထုတ်ပြန်ချက်ကို ဇွန်လ ၁ ရက်မှာ ထုတ်ပြန်ခဲ့တာလို့ စစ်ကောင်စီတပ်နဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်က CJ Platform ကို ပြောပါတယ်။
“တပ်ထဲမှာ ဓာတ်ပုံ၊ ဗီဒီယို ရိုက်လို့မရဘူး၊ TikTok ဆော့လို့မရဘူး။ တပ်သတင်းတွေ အပြင်လူကို မပြောရဘူး။ အဆိုးဆုံးက တပ်ထဲမှာ လိင်မှုကိစ္စ ဖြစ်ရင် တပ်ရင်းမှူးကို အကြောင်းကြားရမယ်၊ သတင်းကို သတင်းမဖြန့်ရဘူး။ တကယ်လို့ တပ်ရင်းမှူးက မုဒိမ်းကျင့်ရင် ဘယ်သူကို တိုင်ရမလဲ” လို့ ပြောပါတယ်။
ကျိုင်းတုံအခြေစိုက် အမှတ် (၄) ဝန်တင်တပ်ရင်းမှာ ပြင်ပလူမလာရ ဆိုတဲ့ ဆိုင်းဘုတ်ကို ဒီကနေ့မှာ စိုက်ထူထားပြီး တပ်ရင်း ဒုဗိုလ်မှူးကြီး ဇော်လင်းအောင်နဲ့ ဗိုလ်မှူး ၂ ဦး ကျူးလွန်ခဲ့တဲ့ လိင်မှုကိစ္စအကြောင်းကို တပ်ထဲ မိသားစုတွေက မပြောဆိုတော့ကြောင်း ဒေသခံ တစ်ဦးက CJ Platform ကို ပြောပါတယ်။
“အရင်က ဝတရ ၄ က မုဒိမ်းမှုကိစ္စကို တပ်ကလူတွေ အမှန်တရားရအောင် ကူညီပေးမယ့်သူကို မျှော်ကြတယ်။ အခု တပ်ရင်းမှူးက တပ်မိသားစုကို ဦးပိုင်နဲ့ ခြိမ်းခြောက်လိုက်တော့ ဘယ်သူမှ မပြောတော့ဘူး။ ကျူးလွန်ခံရသူတွေလည်း ဘယ်သူမှ မရှိတော့ဘူး” လို့ ပြောပါတယ်။
မေ ၂၉ ရက်ကလည်း တောင်ပိုင်းတိုင်း စစ်ဌာနချုပ်မှာ ဒုအရာခံဗိုလ် ဝင်းကြိုင်ဆိုသူက တပ်ထဲက စိတ်ရောဂါ ဖြစ်နေတဲ့ အမျိုးသမီးငယ် တစ်ယောက်ကို အဓမ္မပြုကျင့်လို့ ဖမ်းဆီး အရေးယူထားတဲ့ ဖြစ်စဉ်လည်း ရှိပါတယ်။
စစ်တပ် အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်ကနေ ၂၀၂၆ ခုနှစ်အတွင်း စစ်ကောင်စီတပ် အတွင်းမှာ မုဒိမ်းကျင့်မှု ၆ မှု ရှိခဲ့ပြီး ပြစ်မှု ကျူးလွန်သူတွေက အပြစ်ပေးခံရခြင်း မရှိဘဲ အချို့မှာ ရာထူးတိုးသွားကြတယ်လို့ စစ်အုပ်စု အသိုင်းအဝိုင်းက ပြောဆိုမှုတွေအရ သိရပါတယ်။
တပ်ရင်းမှူးတွေ အနေနဲ့ မိမိလက်အောက်မှာရှိတဲ့ အရာရှိ၊ စစ်သည်များနဲ့ မှီခို အိမ်ထောင်သည်တွေကို မိသားစုဝင်သဖွယ် စောင့်ရှောက်ဖို့ တပ်ချုပ်အသစ်က မေလ ၂၀ ရက်က ပြောဆိုခဲ့ပေမဲ့ တပ်ရင်းတပ်ဖွဲ့တွေမှာ တပ်ရင်းမှူးတွေကစပြီး မုဒိမ်းမှုတွေ ကျူးလွန်နေတာ ဖြစ်ပါတယ်။
ဓာတ်ပုံ – Pro/SAC
