စစ်အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းမှာ စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူး ၁၄၀ ခန့် သေဆုံး

Author CJ Platform
Categories
Published on Jun 03, 2026

စစ်တပ် အာဏာသိမ်းပြီးနောက် ၅ နှစ်ကျော်အတွင်းမှာ စစ်ကိုင်းတိုင်းအတွင်းက စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူး ၁၄၀ ဦး ခန့် သေဆုံးခဲ့တယ်လို့ CJ Platform က လက်ခံရရှိထားတဲ့ စစ်အုပ်စုရဲ့ ကန့်သတ်ပေါက်ကြားစာတွေအရသိရပါတယ်။ ပေါက်ကြားစာတွေရဲ့ ဖော်ပြချက်အရ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ ရက်အထိ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး သေဆုံး ၁၃၉ ဦး၊ ဒဏ်ရာရရှိ ၄၀ ဦးနဲ့ ဖမ်းဆီးခံရသူ ၃၁ ဦး ရှိတယ်လို့ သိရပါတယ်။

 

စစ်အုပ်စုရဲ့ စာရင်းတွေအရ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေနဲ့ ထိပ်တိုက်တွေ့ဆုံ တိုက်ခိုက်မှုတွေနဲ့ ဖမ်းဆီးခံရတာတွေကြောင့် စစ်ကိုင်းခရိုင်အတွင်းမှာ စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူး ၇ ဦး ဒဏ်ရာရရှိပြီး ၂၉ ဦး သေဆုံးကာ ဖမ်းဆီးခံရသူ ၄ ဦး၊ မုံရွာခရိုင်မှာ ဒဏ်ရာရရှိသူ ၅ ဦးနဲ့ သေဆုံး ၂၀ ဦး ရှိခဲ့ကာ ၁ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။ ယင်းမာပင်ခရိုင်မှာတော့ ဒဏ်ရာရရှိသူ စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူး ၁ ဦးနဲ့ သေဆုံး ၄ ဦး ရှိခဲ့ကာ ဖမ်းဆီးခံရသူ ၃ ဦး၊ ရွှေဘိုခရိုင်မှာ ဒဏ်ရာရရှိသူ ၁၁ ဦးနဲ့ သေဆုံး ၃၂ ဦးအထိ ရှိခဲ့ကာ ဖမ်းဆီးခံရသူ ၅ ဦး၊ ရေဦးခရိုင်မှာတော့ ဒဏ်ရာရရှိသူ ၅ ဦးနဲ့ သေဆုံး ၁၆ ဦး ရှိခဲ့ပါတယ်။

 

ဒါ့အပြင် ကန့်ဘလူခရိုင်မှာတော့ ဒဏ်ရာရရှိသူ ၅ ဦး၊ သေဆုံး ၈ ဦးနဲ့ ဖမ်းဆီးခံရသူ ၁ ဦး၊ ကသာခရိုင်မှာ ဒဏ်ရာရရှိသူ ၂ ဦး၊ သေဆုံးခဲ့ရသူ ၅ ဦးနဲ့ ဖမ်းဆီးခံရသူ ၄ ဦး၊ ကောလင်းခရိုင်မှာ ဒဏ်ရာရရှိသူ ၂ ဦး၊ သေဆုံး ၁၀ ဦး ရှိခဲ့ကာ ဖမ်းဆီးခံရသူ ၄ ဦး၊ ကလေးခရိုင်မှာတော့ သေဆုံး ၆ ဦးနဲ့ ဖမ်းဆီးခံရသူ ၄ ဦး အသီးသီး ရှိခဲ့ကြပါတယ်။ တမူးခရိုင်အတွင်းမှာတော့ ဒဏ်ရာရရှိသူ စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူး ၁ ဦးနဲ့ ဖမ်းဆီးခံရသူ ၂ ဦး၊ မော်လိုက်ခရိုင်မှာ သေဆုံး ၆ ဦး၊ ခန္တီးခရိုင်မှာ ဒဏ်ရာရရှိသူနဲ့ ဖမ်းဆီးခံရသူ ၁ ဦးစီ ရှိခဲ့သလို ဟုမ္မလင်းခရိုင်မှာ သေဆုံး ၃ ဦး၊ ဖမ်းဆီးခံရသူ ၂ ဦး ရှိခဲ့ပြီး နာဂဒေသမှာတော့ ထိခိုက်သေဆုံးတာအပြင် ဖမ်းဆီးခံရတဲ့ အုပ်ချုပ်ရေးမှူး မရှိဘူးလို့ ထွက်ပေါ်လာတဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

 

စစ်အုပ်စုရဲ့ ဖော်ပြချက်တွေအရ စစ်အာဏာသိမ်း ၅ နှစ်ကျော်ကာလအတွင်း စစ်ကိုင်းတိုင်းအတွင်းမှာ PDF တွေနဲ့ ထိပ်တိုက်တွေ့ဆုံ တိုက်ခိုက်မှုတွေကြောင့် စစ်အုပ်စုခန့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး ၄၀ ဦး ဒဏ်ရာရရှိပြီး သေဆုံးခဲ့သူ ၁၃၉ ဦးနဲ့ တော်လှန်ရေးအဖွဲ့တွေရဲ့ ဖမ်းဆီးခြင်းခံခဲ့ရတဲ့ အုပ်ချုပ်ရေးမှူး ၃၁ ဦးအထိ ရှိခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ မေလ ၂၈ ရက်ကလည်း ချောင်းဦးမြို့နယ်၊ ငါးလုံးတင် ကျေးရွာအုပ်စုရဲ့ အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးစိုးတင့်ဟာ ငါးလုံးတင် ကျေးရွာကနေ မုံရွာမြို့ဘက်ကို ကားဖြင့် ထွက်ခွာလာစဉ်မှာ ချောင်းဦးမြို့နယ် မှန်ချိုကျေးရွာအနီး ရောက်ရှိချိန်မှာတော့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေက မော်တော်ယာဉ်ကို တားဆီးစစ်ဆေး ဖမ်းဆီးပြီး ပစ်ခတ်မှု ဖြစ်ပွားကာ ကျည်ထိမှန် သေဆုံးခဲ့တယ်လို့လည်း စစ်အုပ်စုရဲ့ ပြည်ထဲရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။

 

စစ်ကိုင်းတိုင်းဟာ စစ်အုပ်စုရဲ့ ခုခံတော်လှန်စစ် အပြင်းထန်ဆုံး ဒေသတွေထဲက တစ်ခုဖြစ်ပြီး ဒေသအလိုက် ဖွဲ့စည်းထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ များစွာ လှုပ်ရှားနေတဲ့ ဒေသတစ်ခု ဖြစ်သလို၊ စစ်အုပ်စု ယန္တရားကို အထောက်အကူပြုနေတဲ့ လက်နက်ကိုင် အုပ်ချုပ်ရေးမှူးတွေနဲ့ တော်လှန်ရေး တပ်ဖွဲ့ဝင်တွေအကြားမှာလည်း ထိပ်တိုက်တွေ့ဆုံ ပစ်ခတ်မှုတွေ မကြာခဏ ပြုလုပ်လေ့ ရှိနေပါတယ်။