ဝေဘာဂီမြို့သစ်က အထက ၇ မှာ မိုးကြိုးပစ်ခံရပြီး ဆရာမနဲ့ ကျောင်းသား နှစ်ဦး ဒဏ်ရာရ

Author CJ Platform
Categories
Published on Jun 01, 2026

ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီမြို့သစ်၊ အမှတ် ၅ ရပ်ကွက်၊ ဓမ္မသုခလမ်းမပေါ်မှာရှိတဲ့ အမှတ် ၇ အခြေခံပညာ အထက်တန်းကျောင်းမှာ ဒီကနေ့ နေ့လယ် ၂ နာရီခွဲက မိုးကြိုးပစ်ခံရပြီး ကျောင်းဆရာမနဲ့ ကလေး နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ကျောင်းအနီး နေထိုင်သူတွေဆီက သိရပါတယ်။

 

ဒီကနေ့ နေ့လယ် ၂ နာရီခွဲက ကျောင်းဆင်းချိန်၊ ကျောင်းဝင်ပေါက်/ထွက်ပေါက်အနီးက ကုက္ကိုပင်ကို မိုးကြိုးပစ်ရာကနေ အနီးရှိ ဆရာမနဲ့ ကလေး နှစ်ဦးကို ထိခဲ့တာလို့ ကျောင်းအနီး နေထိုင်သူ တစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“ကျောင်းဆင်းချိန် မိဘတွေ လာမကြိုသေးလို့ ကလေးတွေကို ဆရာမက စောင့်ပေးနေတဲ့အချိန် ကုက္ကိုပင်ကို မိုးကြိုးပစ်ရာကနေ စက်ကွင်းမလွတ်လို့ ထိသွားတာ။ ခြေထောက်တွေ၊ လက်တွေပဲ ဒဏ်ရာရတယ်။ ဒဏ်ရာရတာ Grade 1 က ဆရာမနဲ့ ကလေး နှစ်ယောက်ပါ” လို့ ပြောပါတယ်။

 

မိုးကြိုးပစ်ခံရပြီးနောက် လူမှုကူညီရေးအဖွဲ့တွေက ထိခိုက်ဒဏ်ရာရတဲ့ ဆရာမနဲ့ ကျောင်းသား နှစ်ဦးကို မြောက်ဥက္ကလာပမြို့နယ် ဆေးရုံကို ပို့ဆောင်ပေးခဲ့ပြီး မီးသတ်၊ စစ်အုပ်စုတပ်နဲ့ ရဲတွေက ကျောင်းတစ်ဝိုက် လုံခြုံရေးယူထားတယ်လို့ ဓမ္မသုခလမ်းထဲမှာ နေထိုင်သူ တစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“မိုးကြိုးပစ်ခံရလို့ ထိသွားတာက Grade 1 က အတန်းပိုင်ဆရာမ ဒေါ်ဖြိုးဇာဇာပါ။ ကလေး နှစ်ယောက်ကတော့ နာမည်မသိဘူး။ ဖြစ်တဲ့အချိန်ကဆိုရင် ရဲတွေရော၊ စစ်တပ်ရော လုံခြုံရေး အပြည့်ယူထားတာ၊ ဓာတ်ပုံတွေ ဘာတွေ ရိုက်လို့မရဘူး” လို့ ပြောပါတယ်။

 

မြောက်ဥက္ကလာပမြို့နယ် ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတဲ့ ဆရာမရော၊ ကလေး နှစ်ဦးပါ စိုးရိမ်ရတဲ့ အခြေအနေ မရှိဘူးလို့ သတင်းအရင်းအမြစ်က ပြောပါတယ်။

 

ပြီးခဲ့တဲ့ ဧပြီလ ၂၆ ရက်ကလည်း ကျောင်းကုန်းမြို့နယ်၊ ဒူးချဲဆိပ်ကျေးရွာမှာ အမျိုးသား တစ်ဦး မိုးကြိုးပစ်ခံရပြီး သေဆုံးခဲ့တဲ့ ဖြစ်စဉ်လည်း ရှိပါတယ်။

 

ဓာတ်ပုံ – CJ Platform