RSF ရဲ့ သတ္တိရှင်ဆုကို မြန်မာဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက် ရရှိ

Author CJ Platform
Categories
Published on Jun 02, 2026

မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မှတ်တမ်းတင်ခဲ့တာကြောင့် အာဏာသိမ်းစစ်တပ်ရဲ့ ထောင်ဒဏ် ချမှတ်ခြင်း ခံခဲ့ရတဲ့ မြန်မာ ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်ဟာ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) က ပေးအပ်တဲ့ “သတ္တိရှင်ဆု” (Courage Prize) ကို ဆွတ်ခူးရရှိခဲ့ပါတယ်။

 

ပြင်သစ်နိုင်ငံ၊ မာဆေးလ်မြို့မှာ မနေ့က ဇွန်လ ၁ ရက်နေ့က ကျင်းပတဲ့ (၇၇) ကြိမ်မြောက် ကမ္ဘာ့သတင်းမီဒီယာ ညီလာခံအတွင်း ထည့်သွင်းကျင်းပတဲ့ (၃၄) ကြိမ်မြောက် RSF ရဲ့ စာနယ်ဇင်း လွတ်လပ်ခွင့်ဆု ပေးပွဲမှာ ကိုစိုင်းဇော်သိုက်ကို ရွေးချယ်ချီးမြှင့်ခဲ့ခြင်း ဖြစ်ပါတယ်။

 

ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်ဟာ ၂၀၁၂ ခုနှစ်ကတည်းက မြန်မာနိုင်ငံအတွင်းရှိ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မှတ်တမ်းတင်ခဲ့သူ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံအတွင်း အန္တရာယ်အရှိဆုံး သတင်းထောက်တွေထဲက တစ်ဦး ဖြစ်လာခဲ့ပေမဲ့ တိမ်းရှောင်ရင်း စစ်အုပ်စုရဲ့ အကြမ်းဖက် နှိမ်နှင်းမှုတွေကို မြေပြင်အရှိအတိုင်း လျှို့ဝှက်မှတ်တမ်းတင်ခဲ့သူလည်း ဖြစ်ပါတယ်။

 

သူဟာ ၂၀၂၃ ခုနှစ်၊ မေလမှာ ရခိုင်ပြည်နယ်အတွင်း တိုက်ခတ်ခဲ့တဲ့ အားပြင်းတဲ့ မိုခါဆိုင်ကလုန်း မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုတွေကို သတင်းမှတ်တမ်း ရယူဖို့ သွားရောက်စဉ်မှာ စစ်အုပ်စုရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး ဖမ်းဆီးခံရပြီးနောက် စစ်ခုံရုံးက သူ့ကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂၀ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။