ရမည်းသင်းမှာ လိုင်းကြေးမပေးဘဲ ခဲမဖြူ၊ သတ္တုတူးတဲ့ အရပ်သား ခုနစ်ဦး ဖမ်းဆီးခံရ
မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်၊ ဝါးတဲစုကျေးရွာမှာ သစ်တောမြေအတွင်း လိုင်းကြေးမပေးဘဲ တစ်ပိုင်တစ်နိုင် ခဲမဖြူ၊ သတ္တုတူးဖော်တဲ့ အရပ်သား ခုနစ်ဦးကို စစ်အုပ်စု လက်အောက်ခံ ရဲတွေက ဖမ်းဆီးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မေလ ၃၁ ရက်နဲ့ မေလ ၂၇ ရက်တို့မှာ ငါးတဲစုကျေးရွာ တောင်ဘက်သစ်တောမြေအတွင်းမှာ လိုင်းကြေးမပေးဘဲ သတ္တုတူးဖော်နေတဲ့ အရပ်သား ခုနစ်ဦးကို ခွင့်ပြုချက်မရှိဘဲ တူးဖော်တယ်လို့ ဆိုကာ စစ်အုပ်စု လက်အောက်ခံ ရဲတွေက ဖမ်းဆီးခဲ့တာလို့ မြို့ခံ တစ်ဦးက CJ Platform ကို ပြောပါတယ်။
“တရားမဝင်တူးလို့ ဖမ်းတာ မဟုတ်ဘူးဗျ၊ လိုင်းကြေးမရလို့ အရပ်သား ခုနစ်ယောက်ကို တူးကုန်းနယ်မြေ ရဲစခန်းက ဖမ်းတာ။ သူလိုကိုယ်လို လိုင်းကြေးပေးပြီး တူးနေကြတာ တစ်ပုံကြီး၊ အခု ဖမ်းခံရတာက လိုင်းကြေးပေးပြီး တူးတဲ့သူတွေက တိုင်လို့ ရဲက ဖမ်းတာ” လို့ ရှင်းပြပါတယ်။
မေလ ၃၁ ရက်မှာ ရမည်းသင်းမြို့ပေါ် ရပ်ကွက်ကနေ ဝါးတဲစုတောင်ဘက်မှာ သတ္တုခဲမဖြူ လာတူးတဲ့ ကိုစိုးမင်းဝင်းနဲ့ ကိုအောင်ဆန်းလှိုင်ကို ဖမ်းဆီးပြီး နယ်မြေရဲစခန်းကို ခေါ်သွားတယ်လို့ သတင်းအရင်းအမြစ်က ပြောပါတယ်။ အလားတူပဲ မေလ ၂၇ ရက်မှာ ရမည်းသင်းမြို့နယ်၊ ညောင်အိုင်ကျေးရွာနေ ကိုကိုနိုင်၊ ကိုဝေတိုး၊ ငါးတဲစုကျေးရွာနေ ကိုဆန်းမင်း၊ ကိုအောင်ကိုဦးနဲ့ တပ်ကုန်းမြို့နယ်၊ ချင်းစုကျေးရွာနေ ကိုဆန်းရှင် တို့ကို တူးကုန်းနယ်မြေ ရဲစခန်းက ဖမ်းဆီးခဲ့ပါတယ်။
ရမည်းသင်းမြို့နယ်မှာ စစ်တပ်နဲ့ စစ်အုပ်စုလက်အောက်ခံ ရဲတွေကို လိုင်းကြေးပေးပြီး ခဲမဖြူ၊ သတ္တုနဲ့ ရွှေတူးဖော်နေတဲ့ အဖွဲ့ပေါင်း ၅၀၀ ကျော်ရှိပြီး စစ်အုပ်စု လက်အောက်ခံ ရဲတွေက လိုင်းကြေးမပေးတဲ့ အရပ်သားတွေကိုပဲ ဖမ်းဆီးတာလို့ မြို့ပေါ် လုပ်ငန်းရှင် တစ်ဦးက CJ Platform ကို ပြောပါတယ်။
“သစ်တောနဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးလို့ ဖမ်းတာဆိုရင် ကွက်ကြားမိုးမရွာနဲ့၊ အကုန်လုံးကို ဖမ်း။ ရမည်းသင်းမှာ ခဲမဖြူသတ္တုနဲ့ ရွှေတူးတဲ့ အဖွဲ့ပေါင်း ၅၀၀ ကျော်ရှိတယ်၊ အချို့ဆို စက်ကြီးတွေနဲ့ပါ တူးတာ။ အဲဒီလူတွေကျတော့ လိုင်းကြေးပေးလို့လား။ မိသားစုအတွက် တစ်ပိုင်တစ်နိုင် တူးတဲ့သူတွေကျတော့ လိုင်းကြေးမပေးလို့ ဖမ်းတာလား” လို့ ပြောပါတယ်။
ဖမ်းဆီးခံရသူ ခုနစ်ဦးကို ရမည်းသင်းမြို့မရဲစခန်း (ပ) ၁၃၀/၂၀၂၆၊ သစ်တောဥပဒေ ပုဒ်မ ၄၀(က)(၃) နဲ့ အမှုဖွင့်ထားတယ်လို့ စစ်အုပ်စု လက်အောက်ခံ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ဓာတ်ပုံ – Pro/SAC
