အုတ်ဖိုမြို့နယ်မှာ ခြောက်ဘီးယာဉ် တစ်စီးမှောက်၊ တစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရ
ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ရန်ကုန်-ပြည် ကားလမ်း၊ ထောက်ကြန့်ကွင်းကျေးရွာ၊ မိုင်တိုင်အမှတ် ၁၀၈/၁ မှာ မေလ ၃၁ ရက် ညနေ ၆ နာရီက ၆ ဘီးယာဉ် တစ်စီး စလစ်ဖြစ်ကာ တိမ်းမှောက်ခဲ့ပြီး ယာဉ်မောင်း သေဆုံးကာ ယာဉ်ပေါ်ပါလာသူ နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။
မနေ့က ညနေ ၆ နာရီက လက်ပံတန်းမြို့နယ်ဘက်ကနေ အုတ်ဖိုမြို့နယ်ဘက်ကို မောင်းလာတဲ့ ခြောက်ဘီးယာဉ် တစ်စီးဟာ ထောက်ကြန့်ကွင်းကျေးရွာ၊ ရန်ကုန်-ပြည်သွား ကားလမ်း မိုင်တိုင်အမှတ် ၁၀၈/၁ အရောက်မှာ မိုးရွာပြီး စလစ်ဖြစ်ရာကနေ တိမ်းမှောက်သွားတာလို့ လူမှုကူညီရေးအသင်း အဖွဲ့ဝင်တစ်ဦးက CJ Platform ကို ပြောပါတယ်။
“မိုးရွာပြီးချိန် အရှိန်နဲ့ မောင်းလာတော့ ကားက စလစ်ဖြစ်ပြီး မှောက်သွားတာ။ ယာဉ်မောင်းက အခင်းဖြစ်တဲ့နေရာမှာတင် ပွဲချင်းပြီး သေတယ်။ ယာဉ်ပေါ်ပါလာတဲ့သူ နှစ်ယောက်က မစိုးရိမ်ရဘူး” လို့ ပြောပါတယ်။
ယာဉ်တိုက်မှုကို သွားရောက်ကူညီပေးတဲ့ သဒ္ဓါဖြူ လူမှုကူညီရေးအသင်း (အေးမြသာယာ) နဲ့ ဓမ္မဝိဇယ သာရေးနာရေးကူညီမှုအသင်း (အုတ်ဖိုမြို့) တို့က သေဆုံးသူရဲ့ ရုပ်အလောင်းနဲ့ ထိခိုက်ဒဏ်ရာရသူ နှစ်ဦးကို လူနာတင်ယာဉ်တွေနဲ့ အေးမြသာယာဆေးရုံကို ပို့ဆောင်ပေးခဲ့ကြတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁ ရက်ကလည်း အုတ်ဖိုမြို့နယ်၊ ရန်ကုန်-ပြည် ကားလမ်း၊ မိုင်တိုင် ၁၀၉ အနီးမှာ ယာဉ် တစ်စီးမှောက်ခဲ့ပြီး အမျိုးသား တစ်ဦး သေဆုံးကာ တစ်ဦး ဒဏ်ရာရခဲ့ပါတယ်။
ဓာတ်ပုံ – လူမှုကူညီရေးအသင်း
