မြင်းခြံမှာ ဝါယာရှော့ဖြစ်ရာကနေ နေအိမ် ၁၅ လုံး မီးထဲပါသွား

Author CJ Platform
Categories
Published on Jun 01, 2026

မန္တလေးတိုင်း၊ မြင်းခြံမြို့၊ အမှတ် ၁၂ ရပ်ကွက်၊ မင်းကျောင်းကွင်း အနောက်ဘက်မှာ ဒီကနေ့ ဇွန်လ ၁ ရက် မနက်အစောပိုင်းက နေအိမ် တစ်လုံး ဝါယာရှော့ဖြစ်ပြီး မီးလောင်ကျွမ်းခဲ့ရာကနေ နေအိမ် ၁၅ လုံး မီးကူးစက်လောင်ကျွမ်းခဲ့ပြီး လူဦးရေ ၅၀ မီးဘေးသင့်ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

 

ဒီနေ့မနက် ၁ နာရီဝန်းကျင်က မင်းကျောင်းကွင်း အနောက်ဘက်မှာရှိတဲ့ နေအိမ် တစ်လုံး မီးလောင်ခဲ့ရာကနေ အခြားအိမ်တွေကိုပါ ကူးစက်ခဲ့ပြီး နေအိမ် ၁၅ လုံး မီးထဲပါသွားတာလို့ မြို့ခံ တစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“မင်းကျောင်းကွင်း အနောက်ဘက်မှာ လောင်တာ။ ဝါယာရှော့ဖြစ်တယ်လို့ပဲ ကနဦး သိထားတယ်။ မီးအားပြင်းတော့ ၁ နာရီခွဲနီးပါးလောက် မီးငြိမ်းလိုက်ရတယ်။ အိမ် ၁၅ လုံးပါသွားတယ်။ ဒါတောင် မိုးရွာပြီးကာစ မီးလောင်တာနော်၊ နောက်မှဆို မလွယ်ဘူး” လို့ ပြောပါတယ်။

 

အဲဒီမီးလောင်မှုကို မြင်းခြံခရိုင်၊ မြို့နယ်နဲ့ ဒေသခံ လူမှုကူညီရေးအသင်းတွေနဲ့ ရပ်ကွက်နေ ပြည်သူတွေက မီးငြှိမ်းသတ်ယာဉ် ၁၀ စီး၊ ရေသယ်ယာဉ် ၉ စီးနဲ့ ၁ နာရီခွဲကြာ မီးငြိမ်းသတ်ခဲ့ရတယ်လို့ မီးသတ်ဦးစီးဌာနနဲ့ နီးစပ်သူ တစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“ဆုံးရှုံးမှုတန်ဖိုးက များပါတယ်။ တွက်ချက်နေတုန်းပဲ၊ ဝါယာရှော့ဖြစ်တယ်လို့ ပြောကြပေမယ့် မီးလောင်တဲ့ အကြောင်းအရင်းကို စုံစမ်းနေတုန်းပါ။ သေချာ မသိရသေးဘူး၊ ကနဦး စလောင်တဲ့အိမ်ကို အမှုဖွင့်ထားတယ်။ မီးဘေးသင့်ဦးရေ ၅၀ ရှိပါတယ်၊ လက်တလော သူတို့နေဖို့အတွက် စီစဉ်နေတယ်” လို့ ပြောပါတယ်။

 

လက်တလောမှာ မီးဘေးသင့် ပြည်သူတွေဟာ နီးစပ်ရာ ဆွေမျိုးအိမ်တွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ ယာယီနေထိုင်နေကြတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

 

ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်ကလည်း မြင်းခြံမြို့နယ်၊ အမှတ် ၁၃ ရပ်ကွက်မှာ နေအိမ် တစ်လုံး မီးအားမြှင့်စက် အပူလွန်ကဲရာကနေ မီးလောင်ပြီး ဘေးအိမ်တွေကို မီးကူးစက်လောင်ကျွမ်းရာ နေအိမ် ၇ လုံး မီးလောင်ခဲ့တဲ့ ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။

 

ဓာတ်ပုံ – MFSD